Saturday, December 31, 2016

မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people and indoor

နေပြည်တော် ဒီဇင်ဘာ ၃ဝ

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များ ပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မဏ္ဍိုင် သုံးရပ်မှ ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့သည် ပြည်သူက ရွေးကောက်တင်မြှောက်ထား သည့် ပုဂ္ဂိုလ်များ၊ ကိုယ်စားပြုထားသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပြည်သူကို မိမိတို့က ဘာတွေတာဝန်ယူဆောင်ရွက်နေသလဲဆိုတာ အစီရင်ခံရန်လိုအပ်မှု၊ မေးမြန်း မှုများကိုလည်း ဖြေကြားရန် လိုအပ်မှုနှင့် ကြားခံပစ္စည်းဖြစ်သည့် မီဒီယာများကို ပြည်သူနှင့် ပေါင်းကူးပေးသည့် တံတားများအဖြစ် နားလည်လက်ခံပြီး ပူးပေါင်း ဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးတက်အောင် ကျင့်သုံးဆောင်ရွက်ပေးရန်၊ သတင်းမီဒီယာများအနေဖြင့်လည်း မဏ္ဍိုင်များ၏ ရပ်တည်ရသည့်အနေအထားများကို နားလည်သိရှိပြီး မိမိတို့လွတ်လပ်ခွင့်ကို ကျင့်သုံးသည့်နေရာတွင် ခလုတ်တိုက်မှုများ မရှိရန်နှင့် ခလုတ်ကန်သင်းဖြစ်မည့်အရာကို ရှင်းလင်းနိုင်ရန်အတွက် စနစ်တကျ ဥပဒေများ ပြုစုပြဋ္ဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြစ်လာရန်နှင့် ဓလေ့ထုံးစံများ ဖြစ်လာရန် တည်ဆောက်သည့်နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် မိမိတို့တိုင်းပြည်တွင် မီဒီယာလွတ်လပ်ခွင့်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက် နိုင်ကြပါစေ၊ မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီစနစ်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားလုံး ဝိုင်းဝန်းကူညီနိုင်ကြပါစေဟု ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်းက မီဒီယာ၏ သဘောသဘာဝကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုသည် သတင်းမီဒီယာ သမားများအတွက် အရေးကြီးပါကြောင်း၊ သို့မှသာ လွတ်လပ်၍ တရားမျှတသည့် သတင်းအချက်အလက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သတင်းအချက်အလက်များ မှန်ကန် မြန်ဆန်စွာ ဖြန့်ဖြူးပေးနိုင်ရေး၊ သတင်းရယူပိုင်ခွင့်တို့နှင့်စပ်လျဉ်းပြီး လွတ်လပ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အနေဖြင့် သတင်းမီဒီယာသမား များသည် ဌာနဆိုင်ရာများနှင့်ပတ်သက်သည့် သတင်းရယူကြရာတွင် သတင်းမီဒီယာ သမားဖြစ်ကြောင်း အထောက်အထား လည်ဆွဲကတ်များ ချိတ်ဆွဲထားပြီး သတင်း ရယူရန်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များတွင် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ နှင့် ပြောရေးဆိုခွင့်ရ အဖွဲ့ထားရှိရန်နှင့် အသစ်ပြောင်းလဲမှုများရှိပါက Update ပြုလုပ်ပေးရန်၊ သတင်းထောက်များကို အခြေခံသတင်းကျင့်ဝတ်များ သိရှိစေရေး သင်တန်းများပေးရန်နှင့် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ပူးပေါင်းပြီး သင်တန်းများပေးရန်တို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ စီစဉ်ပေးရန်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ဒေသဆိုင်ရာမီဒီယာသမား ဖွံ့ဖြိုး တိုးတက်လာရေးသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပပေးရန်၊ တရားရုံးအဆင့်ဆင့်တွင် သတင်းများရယူရာ၌ တရားရုံးသတင်းမီဒီယာလက်စွဲနှင့် အညီ သက်ဆိုင်ရာတရားရုံး သတင်းပြန်ကြားရေးအရာရှိများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန်၊ အစိုးရဌာနများနှင့် လွှတ်တော်များတွင် Press Corner ထားရှိပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသားမီဒီယာသမားများ သတင်းရယူရာတွင် တန်းတူအခွင့်အရေးရရှိရေး ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် သတင်းရယူရာတွင် သတင်းပုံမှန်ရယူမည့် သတင်းထောက်အား ၁ နှစ် သက်တမ်း သက်သေခံကတ်ပြား ထုတ်ပေးရန် စသည့်အချက်များ အပါအဝင် အချက် ၁၆ ချက်ပါ သဘောတူညီချက် များကို အတည်ပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ ပထမဆုံးအကြိမ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment