Friday, December 2, 2016

မသန်စွမ်းသူများကို သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအသီးသီးတွင် ထည့်သွင်းစဉ်းစားမည်ဆိုပါက နိုင်ငံဖွံ့ ဖြိုးရေးကိုပါ အထောက်အကူပြုလာနိုင်



The Mirror Daily's photo.
နိုင်လင်းကြည်၊ ကိုမင်း
ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံသည်လည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားသည် မြန်မာနိုင်ငံအတွက် (၂၃) ကြိမ်မြောက်ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မသန်စွမ်းသူများနေ့စဉ်ကြုံတွေ့နေရသည့်လူမှုဘဝ၊ ရှေ့ဆက်ဘဝလျှောက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူတချို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက မသန်စွမ်းမှုဆိုင်ရာအယူအဆများနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် မသန်စွမ်းသူများ အကျုံးဝင်လာစေရေးတို့နှင့် ပတ်သက်၍''တကယ်တော့ မသန်စွမ်းမှုဆိုတာ အတိတ်ကံမကောင်းလို့ မသန်စွမ်းဖြစ်တယ်လို့ယူဆခဲ့ကြတယ်။ မသန်စွမ်းသူဆိုပြီး ခွဲခြားဆက်ဆံခဲ့ကြတယ်။ ခေတ်စနစ်တွေပြောင်းလာတဲ့အခါမှာ မသန်စွမ်းသူတွေမှာ စွမ်းဆောင်ရည်ရှိကြတယ်။ လူ့အခွင့်အရေးအရ မွေးကတည်းက ဂုဏ်သိက္ခာရှိတယ်။ သိက္ခာရှိစွာနဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ရပ်တည်ခွင့်ရှိတယ်ဆိုတဲ့ ပြောင်းလဲလာတဲ့ အတွေးအခေါ်တွေကြောင့် မသန်စွမ်းသူတွေလူ့အသိုင်းအဝိုင်းထဲပါဝင်ခွင့်ရရှိဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားလာကြပါတယ်။
ဝှီးချဲတပ်သွားနေရတဲ့ သူတစ်ယောက်အတွက် အိမ်ထဲမှာပဲနေရမယ်လို့ ကန့်သတ်ထားမယ့်အစား နေရာတိုင်းမှာ ဝှီးချဲနဲ့သွားလို့ရမယ်ဆိုရင် အများတန်းတူဖြစ်လာမှာပါ။ အဲဒါကြောင့်အားလုံးနဲ့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မယ်ဆိုရင် အားလုံးအတွက်အကျုံးဝင်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်လာမှာပါ။ အခုဆိုရင်လည်း မသန်စွမ်းသူတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ လူ့အခွင့်အရေးအရ နေထိုင်ခွင့်ရှိတဲ့သူတွေဖြစ်လို့ လိုအပ်တဲ့အခွင့်အရေးတွေသာ ရအောင်ဆောင်ရွက်ပေး မယ်ဆိုရင် လောကကြီးကို အလှဆင်နိုင်တဲ့သူတွေဆိုပြီးတော့ အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။ သူတို့ကို လှူဒါန်းနေမယ့်အစား သူတို့ကို ပညာသင်ကြားခွင့်တွေ၊ အလုပ်လုပ်ကိုင်ခွင့်တွေရပြီး လူ့အသိုင်းအဝိုင်းထဲမှာ နေထိုင်ခွင့်တွေရမယ်ဆိုရင် သီးခြားဆောင်ရွက်ပေးစရာမလိုဘဲ အများနဲ့တန်းတူရှိလာနိုင်တဲ့အခြေအနေဖြစ်လာမှာဖြစ်ပါတယ်။''ဟု ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မသန်စွမ်းလူဦးရေ ၂ ဒသမ ၃ သန်းကျော်ရှိပြီး နေ့စဉ်လူနေမှုဘဝမှာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ အများကြီးပေါ်ထွန်းလာခဲ့ပေမယ့်လည်း ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေဟာ ခေတ်အဆက် ဆက်ဖွံ့ဖြိုးခြင်းရဲ့ နောက်ကွယ်မှာ ကျန်ခဲ့တဲ့နည်းတူ အခုထပ်ပြီးတော့ ကျန်နေဆဲဖြစ်ပါတယ်။ လူတစ်ယောက်မွေးစက၊ အသက်ရှင်စကနေပြီးတော့ သေဆုံးတဲ့အချိန်အထိ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေမှာလည်း အဲဒီအခွင့်အရေးတွေရဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ မသန်စွမ်းတဲ့သူတွေရဲ့ အခွင့် အရေးကိုကာကွယ်ပေးတဲ့ ကုလသမဂ္ဂကွန်ဗင်းရှင်းစာချုပ်ရှိပါတယ်။ ဒီအပြင် မသန်စွမ်းတဲ့သူတွေရဲ့ အခွင့် အရေးကိုကာကွယ်ပေးတဲ့ ဥပဒေတွေရှိပါတယ်။ ဒီနေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာပန်းတိုင် (၁၇)ရပ်မှာ မသန်
စွမ်းတဲ့သူတွေကိုလည်း ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာတွေလည်း ပါဝင်ပါတယ်။ မသန်စွမ်းတစ်ယောက်မွေးမယ်လို့ ကြိုသိတယ်။ ဗိုက်ထဲကကိုယ်ဝန်ကိုဖြတ်ချချင်တယ်။ ဒါသည် မွေးရာပါ အသက်ရှင်သန်ခွင့်ကို ဆုံးရှုံးစေပါတယ်။ ကလေးတစ်ယောက်ရဲ့ ပညာသင်ကြားခွင့် အခွင့်အရေးတွေ၊ အလုပ်လုပ်ကိုင်ခွင့်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ နယ်ပယ်အရပ်ရပ်မှာ ပါဝင်ဆောင်ရွက်ခွင့်တွေ အများကြီးထပ်ပြီးတော့ ဆုံးရှုံးစေပါတယ်'' ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ စီအီးအိုဖြစ်သူ ဦးနေလင်းစိုးက ပြောသည်။

ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းစာချုပ်၏ ဥပဒေ ၂၄ တွင် အပြည်ပြည် 
ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်၏ ပန်းတိုင် ၁၇ ချက်ပါရှိပြီး ပညာရေးသည်လည်း ပန်းတိုင်တစ်ခုအနေ ဖြင့် ပါဝင်လျက်ရှိသည်။

''ပညာသင်ကြားခွင့်ဆိုရင်လည်း လူတစ်ယောက် ဖြစ်လာပြီဆိုရင် မသန်စွမ်းတဲ့သူတွေ ပညာသင်ကြားခွင့်ရကို ရရမယ်။ ဒါကလည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာလည်း ဒါကို မဖြစ်မနေလုပ်ဖို့လည်း ပြောထားပြီးသားဖြစ်ပါတယ်။ သို့သော်လည်း လက်တွေ့ဘဝမှာ ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေဟာ ကျောင်းသွားအပ်တဲ့အခါမှာ ကျောင်းဝင်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။
စာသင်ကျောင်းထဲရောက်သွားတဲ့အခါမှာ ဝှီးချဲနဲ့ ကျောင်းပရိဝုဏ်အတွင်းမှာ လျှောက်သွားလို့မရဘူး။ 
လှေကား အတက်အဆင်းတွေအတွက် အခက်အခဲရှိတယ်။ကျွန်တော်တို့အတွက် အဆောက်အအုံဒီဇိုင်းတွေက ထည့်သွင်း စဉ်းစားတည်ဆောက်ပေးထားခြင်းမရှိသေးပါဘူး။ မျက်စိမမြင်တဲ့သူတွေ၊ နားမကြားတဲ့သူတွေအတွက်လည်း သင်ထောက်ကူပစ္စည်းတွေ လုံလောက်တဲ့
ကျောင်းရဲ့ပံ့ပိုးမှုတွေ မရဘူး။ ထိုနည်းတူ ဉာဏ်ရည်မသန်စွမ်းတဲ့ သူတွေနဲ့ပတ်သက်တဲ့ အခြေခံလိုအပ်ချက်တွေလည်းမရဘူး။ ဒါကြောင့် ကျွန်တော်တို့ ပညာသင်ကြားခွင့်တွေ ထပ်ပြီးတော့ဆုံးရှုံးရတယ်''ဟု ဦးနေလင်းစိုးကဆိုသည်။

၂ဝ၁ဝ ခုနှစ်အတွင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်တမ်းကောက်ယူခဲ့ရာတွင် မသန်စွမ်းကလေး ထက်ဝက်ကျော် ၅၃ ရာခိုင်နှုန်းသည် ကျောင်းတက်ခွင့်လုံးဝမရ သေးကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ကောက်ယူခဲ့သည့် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ဆာဗေးတစ်ခုတွင်မူ မသန်စွမ်းကလေးငယ် ၆၇ ရာခိုင်နှုန်းသည် ကျောင်းတက်ဖူးခြင်း လုံးဝမရှိသေးကြောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။ တက္ကသိုလ်မှ ဘွဲ့ရသည့် မသန်စွမ်းအရေအတွက် မှာ အယောက် ၁ဝဝ လျှင် နှစ်ယောက်သာ ဘွဲ့ရရှိခဲ့ပြီး သန်စွမ်းသည့်ကလေးများနှင့် နှိုင်းယှဉ်ပါက မသန်စွမ်းများမှာ နောက်ကျကျန်နေခဲ့ကြောင်း သိရသည်။
''ပညာရေးဟာ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ပညာတတ်ရင် ရှေ့ဆက်သွားမယ့် လူ့ဘဝခရီးမှာ အခွင့်အရေးတွေ အများကြီးရမယ်။ သို့သော် ပညာမတတ်တဲ့အခါမှာ အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားမယ်ဆိုရင်လည်းကျွန်တော်တို့ဟာ လက်လှမ်းမမှီပါဘူး။ အဆင့်မြင့်တဲ့ ပညာရပ်တွေကို အသက်မွေးဝမ်းကျောင်းအတွက် သင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ ပညာရေးက အတားအဆီးတစ်ခု ဖြစ်နေတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင်လည်း ပညာမတတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ တောက်လျှောက်အခွင့်အရေးဆုံးရှုံးမယ်။ ဒါကြောင့် မသန်စွမ်းတဲ့သူတွေဟာ ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးတာနဲ့ တခြားသောအခွင့်အရေးတွေ ဘယ်လောက်အထိဆက်ပြီးတော့ဆုံးရှုံးလဲဆိုတာတွေကို မှန်းဆကြည့်ရင်သိနိုင်ပါတယ်။ ဒါကြောင့် ပညာရေးဟာ အဓိကလိုအပ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မသန်စွမ်းသူအများစုရှိသည့် ကျေးလက်ဒေသများတွင် အဓိကအထိရောက်ဆုံးလုပ်ငန်းစဉ်တစ်ရပ်မှာ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်ဖြစ်ပြီး ၁၉၈ဝ ကာလကတည်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ဦးစီးပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်တွင် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေး 
ဝမ်းကျောင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် လူမှုရေး စသည့် ကဏ္ဍငါးရပ်ပါဝင်ကြောင်း သိရသည်။ ယင်းလုပ်ငန်းစဉ်အပြင် မသန်စွမ်းသူများကို သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအသီးသီးတွင် ထည့်သွင်းစဉ်းစားမည် ဆိုပါက နိုင်ငံဖွံ့ဖြိုးရေးကိုပါ အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှာရှိသည့် မသန်စွမ်းလူဦးရေနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့်ပတ်
သက်ပြီး ''သန်းခေါင်စာရင်း စစ်တမ်းတွေအထဲမှာ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး မသန်စွမ်းသူတွေရဲ့ အရေအတွက် ပါဖို့အတွက် ကောက်ယူတဲ့အခါမှာ မသန်စွမ်းသူတွေဟာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိပါတယ်။ အခုလောလောဆယ်မှာ နိုင်ငံနဲ့အဝှမ်း ကောက်ယူလိုက်တဲ့ လက်ရှိကိန်းဂဏန်းကို အခြေပြုပြီး နိုင်ငံတော်မှာရှိတဲ့ မသန်စွမ်းသူတွေ မိမိတို့ဝန်းကျင်မှာ အများနည်းတူ အသက်ရှင်နေထိုင်နိုင်ရေးအတွက်လုပ်ဆောင်ရမယ့် မူဝါဒတွေ၊လမ်းညွှန်ချက်တွေ၊ ဥပဒေတွေရေးဆွဲတဲ့အခါမှာ အခုကိန်းဂဏန်းကို အခြေပြုပြီးရေးဆွဲဖြစ်မှာဖြစ်ပါတယ်။

''မသန်စွမ်းသူတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အဲဒီလို နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မပါဝင်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံက မသန်စွမ်းသူ ၄ ဒသမ ၆ ရာခိုင်နှုန်းသော အင်အားစုကြီးဟာ ဆုံးရှုံးမှု၊ လစ်လပ်မှုဖြစ်ပေါ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးရည်မှန်းချက်ဆိုတဲ့ နိုင်ငံဖွံ့ဖြိုးရေးဥပဒေတွေမှာ မသန်စွမ်းသူတွေ အားလုံးပါဝင်နိုင်ဖို့ ကမ္ဘာနဲ့အဝှမ်း ထည့်သွင်းရေးဆွဲလုပ်ဆောင်လျက်ရှိပါတယ်။ အခုအခါမှာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းမှာ နိုင်ငံတော်က လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဒီဥပဒေတွေရဲ့ နည်းဥပဒေတွေကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဌာနများနဲ့ ပူးပေါင်းရေးဆွဲလျက်ရှိပါတယ်။ မသန်စွမ်းသူတွေဟာလည်း ကျေးလက်မှာ နေထိုင်တဲ့သူတွေများပါတယ်။ မြို့ကြီးပြကြီး တွေမှာ မသန်စွမ်းသူတွေအတွက် ဝန်ဆောင်မှုတွေကို ယခင်ထက်စာရင် ပိုမိုဆောင်ရွက်လာနိုင်ပြီဖြစ်ပေမယ့် ကျေးလက်ဒေသမှာ၊ ရပ်ရွာထဲမှာတော့ ဝန်ဆောင်မှု တွေပေးဖို့ လိုနေပါသေးတယ်'' ဟု The leprocy Mission Myanmar မှ အစီအစဉ်ဌာနတာဝန်ခံ ဒေါ်ဌလင်းနော် (န်)ခါက ရှင်းပြသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မသန်စွမ်းသူများအတွက် ခိုင်မာသောမူဝါဒများချမှတ်ပြီး အောက်
ခြေ စာသင်ကျောင်းများအထိ ညွှန်ကြားချက်နှင့် ပံ့ပိုးမှုများပေးကာ တစ်နိုင်ငံလုံးတွင် ကျောင်းနေခွင့်မရသည့် မသန်စွမ်း ကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရသည့် ကလေးများအတွက် အမျိုးသားရေး အသွင်သဏ္ဌာန်တစ်ခုအနေဖြင့် အရှိန်
အဟုန်မြှင့်ပြီး ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိသည်။

''ဖြစ်နိုင်ရင် ဦးစီးဌာနတစ်ခုကနေ မားမားမတ်မတ် ကိုင်တွယ်ပြီး ထိထိရောက်ရောက်လုပ်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒါတွေဆောင်ရွက်ဖို့ မူဝါဒတွေ၊ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရုံသာမက တစ်ဖက်လည်း နိုင်ငံတော်ဘတ်ဂျက် ခွဲတမ်းတွေချပေးမှ ထိရောက်မှာပါ။ ဒါကြောင့် နှစ်စဉ် လွှတ်တော်မှာ ဘတ်ဂျက်ခွဲတမ်းတွေ ဆွေးနွေးဆုံးဖြတ်ပြီး သုံးစွဲတဲ့အခါမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ၊ စစ်ဘေးရှောင်ကလေးတွေ၊ လမ်းပျော်ကလေးတွေ၊ မသန်စွမ်းကလေးတွေ၊ အကျဉ်းကျနေတဲ့ ကလေးတွေနဲ့ စာရိတ္တပြုပြင်ဖို့ စာရိတ္တစခန်းတွေမှာ ရောက်နေတဲ့ကလေးတွေ အားလုံးရဲ့ ပညာရေးကို အမှန်တကယ်ဆောင်ရွက်ဖို့ နိုင်ငံတော်က ဘတ်ဂျက်ခွဲတမ်းတစ်ခု မဖြစ်မနေတိုးမြှင့်သုံးစွဲပေးဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မသန်စွမ်းတဲ့သူတွေကို နောက်မှာချန်မထားခဲ့ပါနဲ့။ နိုင်ငံတော်အစိုးရသစ်ရဲ့ ကြွေးကြော်သံဖြစ်တဲ့ "No One Left Behind" (မည်သူတစ်ဦးတစ်ယောက်မျှ နောက်မှာမကျန်ခဲ့စေရဘူး) ဆိုတဲ့အတိုင်း ကျွန်တော်တို့လည်း နောက်မှာ မကျန်ခဲ့ချင်ပါဘူး။ ပွင့်လင်းတဲ့၊ တိုးတက်လာတဲ့ ဒီခေတ်မှာ ကျွန်တော်တို့အတွက် နိုင်ငံတော်၊ ပုဂ္ဂလိကကဏ္ဍ၊ NGO တွေ၊ ဘာသာရေးကဏ္ဍက အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဝိုင်းဝန်းပြီး ကျရာအခန်းကဏ္ဍက နေပူးပေါင်းပံ့ပိုးပေးပါ။ ကျွန်တော်တို့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲဆောင်ရွက်ပါလို့ ကျွန်တော် ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်''ဟု ဦးနေလင်းစိုးက ပြောကြားခဲ့သည်။
ယခုနှစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment