Tuesday, December 27, 2016

မြန်မာစာ၊ မြန်မာစကား မြင့်မားတိုးတက်ရေး

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန ၇၅ နှစ်ပြည့်အထိမ်းအမှတ်စိန်ရတုသဘင် အခမ်းအနားကို မကြာသေးသည့်ရက်ပိုင်းအတွင်းက ကျင်းပခဲ့ရာတွင် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး ''စာပေမြင့်မှလူမျိုးတင့်မည်၊ စာပေပျောက်လျှင် လူမျိုးပျောက်မည် ဆိုသည့်စကားအတိုင်း မိမိတို့နိုင်ငံ၏ မြန်မာစာ၊ မြန်မာစကား၊ မြန်မာ စာပေထိန်းသိမ်းစောင့်ရှောက်ရေး၊ မြင့်မားတိုးတက်ရေးကို မြန်မာတစ်မျိုး သားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြရမည်''ဟူ၍ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့သည်မှာ ကျောက်စာ အထောက် အထားများအရ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် ကိုယ်ပိုင်စာပေရှိသည့် လူမျိုးအဖြစ် နှစ်ပေါင်းများစွာ သမနိရှည်ကြာ ရပ်တည်လာခဲ့ကြသည်ကို မြန်မာတို့ဂုဏ်ယူခဲ့ကြရသည်။ တိုင်းတစ်ပါး လက်အောက် ကိုလိုနီဘဝသို့ ကျရောက်ခဲ့စဉ်ကလည်း ''မြန်မာပြည်သည်-တို့ပြည်၊ မြန်မာစာသည်-တို့စာ၊ မြန်မာစကားသည်-တို့စကား၊ တို့ပြည်ကို-ချစ်ပါ၊ တို့စာကို-မြတ်နိုးပါ၊ တို့စကားကို-လေးစားပါ'' ဟူ၍ အမျိုးသားရေး ကို တပ်လှန့်နှိုးဆော်ကာ မိမိတို့စာပေ မိမိတို့ဘာသာစကားကို အလေးထား မြှင့်တင်ခဲ့ကြသည်။

ရှင်သန်လျက်ရှိသော ဘာသာစာပေတစ်ခု၏ သဘောအရ နှစ်ပေါင်း ထောင်ချီသည့်သက်တမ်းအတွင်း မြန်မာစာလုံးအက္ခရာများ၊ ဝေါဟာရ အသုံးအနှုန်းများ၊ ဝါကျရေးသားတည်ဆောက်ပုံများမှာ ခေတ်အလိုက်အဆင့်ဆင့်ပြောင်းလဲမှုများ ရှိခဲ့သလို အချို့သော ဝေါဟာရအသုံးအနှုန်း များ ပျောက်ကွယ်သွားခြင်း၊ ဝေါဟာရအသစ်များ ပေါ်ထွက်လာခြင်း၊ အခြားဘာသာစကားများမှ ဝေါဟာရများ ဝင်ရောက်လာခြင်းစသည့် ဖြစ်စဉ်များရှိခဲ့သည်ကိုလည်း မြန်မာစာပေလေ့လာလိုက်စားသူတိုင်း သိရှိကြပြီးဖြစ်သည်။

မိမိတို့ဖြတ်သန်းနေကြရသည့် မျက်မှောက်ကာလတွင် မြန်မာစာ၊ မြန်မာစကား၏ အခြေအနေကို ပကတိအတိုင်း လေ့လာသုံးသပ် ကြည့်မည်ဆိုပါက နိမ့်ကျနေပြီဟု မဆိုလိုသည့်တိုင်အောင် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝါယမစိုက်၍ မြှင့်တင်ရန် လိုအပ်နေသည်ဟု ယူဆမိသည်။
ပုံနှိပ်မီဒီယာများဖြစ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများစသည်တို့ တွင် မြန်မာစာဦးစီးဌာနက ထုတ်ဝေထားသည့် မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းကို လက်စွဲပြုကာ စာလုံးပေါင်းသတ်ပုံကို ဂရုတစိုက်ဖတ်ရှုပြင်ဆင်လေ့ ရှိကြသော်လည်း ဝတ္ထုကဲ့သို့သော ပုံနှိပ်ထုတ်ဝေသည့်စာအုပ်များနှင့် အချို့ပုံနှိပ်စာ အတော်များများတွင် စာလုံးပေါင်းသတ်ပုံ မှားယွင်းမှု များစွာကို တွေ့ရှိနေရခြင်း၊ အများပြည်သူသုံးစွဲနေကြသော မီဒီယာများ ဖြစ်သည့် အင်တာနက်လူမှုကွန်ရက်များပေါ်မှ ရေးသားမှုများတွင်လည်း မြန်မာစာလုံးပေါင်းသတ်ပုံ မှားယွင်းမှုများစွာကို တွေ့ရခြင်း ('ကွီး'၊ 'ခေး'၊ 'ညေး' စသည့် လူမှုကွန်ရက်ဗန်းစကားများကို ဆိုလိုခြင်းမဟုတ်ပါ)၊ စီးပွားရေးကြော်ငြာများ၊ ဆိုင်းဘုတ်များ စသည်တို့တွင်လည်း စာလုံးပေါင်းအမှားများစွာ တွေ့ရှိရခြင်းတို့မှာ အလွယ်တကူတွေ့မြင် ရသော အမှားများပင်ဖြစ်သည်။

သူ့ကျွန်ဘဝတွင် ယူနီဗာစီတီဟူသော နိုင်ငံရပ်ခြားဝေါဟာရကို ''တက္ကသိုလ်''ဟူ၍ မြန်မာပညာရှိကြီးများက ဘာသာပြန်ဆို မြန်မာမှု ပြုရာတွင် ကျားကုတ်ကျားခဲတိုက်ပွဲဝင်ခဲ့ကြရသည်ဟု မှတ်သားခဲ့ရဖူး သော်လည်း မျက်မှောက်ကာလတွင်မူ နိုင်ငံခြားဝေါဟာရများစွာတို့ကို တိုက်ရိုက်ယူငင် သုံးစွဲနေကြသည့်အလျောက် ကိုယ်ပိုင်ဝေါဟာရအသစ်များ ဖြစ်မလာကြသည့်အပြင် ရှိပြီးမြန်မာဝေါဟာရများကိုပင် စွန့်ပစ်ထားသည့် သဖွယ် ဖြစ်နေသည်ကိုလည်း တွေ့မြင်နေကြရပြီဖြစ်သည်။ ဥပမာအားဖြင့်- ကွန်ဒိုမီနီယံ၊ ရှော့ပင်းမော၊ ပလာဇာ၊ ကတ်စတန်မာ၊ ဒစ်စကောင့် စသည် စသည်ဖြင့် အများအပြားပင်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုစာကာလ အတွင်းမှ လူငယ်အချို့တွင်လည်း 'က' သတ်၊ 'တ'သတ်၊ 'န'သတ် စသည့် 'သရ' သံများကို မှန်ကန်ပီသစွာ မထွက်တတ်သည့်အပြင် အရေးအသား မှာပင် ရောထွေးလာကြသည်ကို ¤င်းတို့၏ စာအရေးအသားများမှာသာမက ရုပ်သံမီဒီယာတို့၌ပါ တွေ့မြင်ကြားသိနေရပြီဖြစ်ရာ နိုင်ငံတော်သမ္မတ၏အဆိုအမိန့်နှင့်အညီ မိမိတို့နိုင်ငံ၏ မြန်မာစာ၊ မြန်မာစကား၊ မြန်မာစာပေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြင့်မားတိုးတက်ရေးအတွက် မြန်မာ တစ်မျိုးသားလုံးက ကြိုးပမ်းဆောင်ရွက်ကြရေး အလေးအနက် တိုက်တွန်း လိုပါကြောင်း။ ။

No comments:

Post a Comment