Tuesday, December 27, 2016

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



 
 
 
ရန်ကုန် ဒီဇင်ဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်များ နှင့် ဆုရရှိသူများတွင် လူငယ်လူသစ် မျိုးဆက်သစ် ဓာတ်ပုံသမား များလည်း ပါဝင်သည့်အတွက် မျိုးဆက်သစ်လူငယ်ဓာတ်ပုံပညာ ရှင်များ ပေါ်ထွက်လာစေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့် ပြိုင်ပွဲလည်းဖြစ်သည်ဟု ပြောလို ကြောင်း၊ ဓာတ်ပုံတစ်ပုံသည် စာလုံးပေါင်းတစ်ထောင်မက ဖော်ပြနိုင်သည့်အတွက် ဓာတ်ပုံပညာရှင်ကြီးများက မိမိတို့ တိုင်းပြည်၏ ရေမြေသဘာဝတောတောင်များကို မိမိတို့ လူမျိုး များ ချစ်မြတ်နိုးသည့်စိတ်ဖြစ်အောင် ဓာတ်ပုံပညာစွမ်းပကား ဖြင့် ရိုက်ကူးပြသနေသူများဖြစ်ကြောင်း၊ တိုင်းပြည်အပေါ် စည်းလုံးညီညွတ်သည့်စိတ်၊ ချစ်မြတ်နိုးသည့်စိတ်အပေါ် အခြေခံ ပြီး ညီညွတ်သည့်စိတ်တည်ဆောက်နိုင်မှသာလျှင် ယခင်က စုပေါင်းညီညာရယူခဲ့သည့် လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း နိုင်မည်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်မည်၊ အခြား တိုင်းပြည်များနှင့် ရင်ပေါင်တန်းနိုင်သည့် အဆင့်အထိ တိုးတက် မြင့်မားနိုင်မည်ဖြစ်ရာ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဓာတ်ပုံ ပညာရှင်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် နေရာကပါဝင်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်ပုံပြိုင်ပွဲတွင် ပထမ ဆုရ ဇော်မော်ဦး၊ ဒုတိယဆုရ ပြည်စိုးထွန်း(ပန်းချီ)နှင့် တတိယ ဆုရ ကျော်ဝင်းလှိုင်(ယဉ်ကျေးမှုတက္ကသိုလ်)တို့အား ဆုများ ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးဖေမြင့်ဦး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်ဖေတို့က အထူးဆုရရှိကြသည့် ပြည်စိုးထွန်း (ပန်းချီ)၊ သန့်ဇော်ဦး၊ ခိုင်ဇာမွန်၊ ဇော်ဇော်ထွန်းနှင့် ကျော်ကျော် ဝင်း(သမဝါယမတက္ကသိုလ်)တို့အား ဆုများချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံဓာတ်ပုံအသင်းဥက္ကဋ္ဌက ဆုများ ရွေးချယ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဓာတ်ပုံဆုရရှိသူ များကိုယ်စား ပထမဆုရရှိသူ ဇော်မော်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဆုရ ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပသည့် ဓာတ်ပုံပြိုင်ပွဲ၏ ခေါင်းစဉ်မှာ ''အေးချမ်းသာယာ ပြည်မြန်မာ''ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများကို နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ တည်ငြိမ်အေးချမ်းမှုများ၊ သာယာလှပမှုများ၊ သဘာဝသယံဇာတပေါကြွယ်ဝမှုများနှင့် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများကို ပေါ်လွင်အောင် ရိုက်ကူး ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံအရပ်ရပ်မှ ပြိုင်ပွဲဝင် ဓာတ်ပုံပညာရှင် ၃၂ဝ က ဓာတ်ပုံပေါင်း ၁၂၂၈ ပုံ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment