Tuesday, December 27, 2016

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: one or more people and indoor
ရန်ကုန် ဒီဇင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကားပြောကြားပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများတွင် လူငယ်လူသစ် မျိုးဆက်သစ် ဓာတ်ပုံသမားများလည်း ပါဝင်သည့်အတွက် မျိုးဆက်သစ်လူငယ် ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုသည့် ပြိုင်ပွဲလည်းဖြစ်သည်ဟု ပြောလိုကြောင်း၊ ဓာတ်ပုံတစ်ပုံသည် စာလုံးပေါင်း တစ်ထောင်မက ဖော်ပြနိုင်သည့်အတွက် ဓာတ်ပုံပညာရှင် ကြီးများက မိမိတို့တိုင်းပြည်၏ ရေမြေ သဘာဝ တောတောင်များကို မိမိတို့ လူမျိုးများ ချစ်မြတ်နိုးသည့်စိတ် ဖြစ်အောင် ဓာတ်ပုံပညာစွမ်းပကားဖြင့် ရိုက်ကူးပြသနေသူများ ဖြစ်ကြောင်း၊ တိုင်းပြည်အပေါ် စည်းလုံးညီညွတ် သည့်စိတ်၊ ချစ်မြတ်နိုးသည့်စိတ် အပေါ်အခြေခံပြီး ညီညွတ်သည့်စိတ် တည်ဆောက်နိုင်မှသာလျှင် ယခင်က စုပေါင်းညီညာရယူခဲ့သည့် လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်မည်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် နိုင်မည်၊ အခြားတိုင်းပြည်များနှင့် ရင်ပေါင်တန်းနိုင်သည့် အဆင့်အထိ တိုးတက်မြင့်မားနိုင်မည်ဖြစ်ရာ ထိုကဲ့ သို့ဆောင်ရွက်ရာတွင် ဓာတ်ပုံပညာ ရှင်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့်နေရာက ပါဝင်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရ ဇော်မော်ဦး၊ ဒုတိယဆုရ ပြည်စိုးထွန်း (ပန်းချီ)နှင့် တတိယဆုရ ကျော်ဝင်း လှိုင်(ယဉ်ကျေးမှုတက္ကသိုလ်)တို့အား ဆုများချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဓာတ်ပုံ အသင်းဥက္ကဋ္ဌ ဦးဖေမြင့်ဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေတို့က အထူးဆုရရှိကြသည့် ပြည်စိုးထွန်း (ပန်းချီ)၊ သန့်ဇော်ဦး၊ ခိုင်ဇာမွန်၊ ဇော်ဇော်ထွန်းနှင့် ကျော်ကျော်ဝင်း (သမဝါယမတက္ကသိုလ်)တို့အား ဆုများ ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံဓာတ်ပုံ အသင်းဥက္ကဋ္ဌက ဆုများရွေးချယ်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဓာတ်ပုံဆုရရှိသူများကိုယ်စား ပထမ ဆုရရှိသူ ဇော်မော်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် ဆုရဓာတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဓာတ်ပုံပြိုင်ပွဲ၏ခေါင်းစဉ်မှာ''အေးချမ်း သာယာ ပြည်မြန်မာ''ဖြစ်ပြီး ပြိုင်ပွဲဝင် ဓာတ်ပုံများကို နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုများ၊ တည်ငြိမ်အေးချမ်း မှုများ၊ သာယာလှပမှုများ၊ သဘာဝ သယံဇာတ ပေါကြွယ်ဝမှုများနှင့် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများကို ပေါ်လွင်အောင် ရိုက်ကူးယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံအရပ်ရပ်မှ ပြိုင်ပွဲဝင် ဓာတ်ပုံပညာရှင် ၃၂ဝ က ဓာတ်ပုံပေါင်း ၁၂၂၈ ပုံ ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment