Friday, December 2, 2016

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) အား ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လေ့လာမှုများပြား



Image may contain: 1 person , outdoor
မန္တလေး ဒီဇင်ဘာ ၁
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်လက်ရာ များ၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ရန် နိုင်ငံခြားသား ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု များပြားလျက်ရှိရာ ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ မြန်မာအနုပညာ ဗိသုကာလက်ရာများ စံပြုကျောင်း ဖြစ်သော မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) အား ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လေ့လာမှုများပြားလျက်ရှိ သည်။
ရွှေကျောင်းကြီးသို့ လာရောက်လည်ပတ် လျက်ရှိသော အီတလီနိုင်ငံသား Mr. Prati Matteo အား ခရီးသွားဧည့်လမ်းညွှန်မှ တစ်ဆင့်မေးမြန်းရာတွင် ''ဒီသစ်သားကျောင်း ကြီးကို သွားရောက်လေ့လာမယ်ဆိုတော့ ရိုးရိုးသာမန်လောက်ပဲထင်တာပါ။ အခုအနီးကပ်မြင်ရတော့ များစွာအံသြမိ ကြောင်း၊ လာရောက်လေ့လာရတဲ့အတွက်ကျေနပ်မိကြောင်း၊ ကျောင်းကြီးရဲ့အတွင်းရော အပြင်မှာ ပြုလုပ်ထားတဲ့ အနုစိတ် အနုပညာ လက်ရာများမှာ အလွန်ပဲကောင်း မွန်ကြောင်း၊ ပန်းချီ၊ ပန်းပု အနုပညာဗိသုကာလက်ရာတွေ အနီးကပ်တွေ့ရတဲ့ အတွက် အရမ်းသဘောကျမိကြောင်း၊ ကျောင်းကြီး တည်ဆောက်ပုံနှင့် အနုပညာလက်ရာများအား စနစ်ကျကြောင်း၊ ရှေးခေတ် မြန်မာပညာရှင်များရဲ့ အနုပညာလက်ရာများအားများစွာ အံ့သြမိကြောင်း'' ၎င်းကပြောသည်။
ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း ၁၃ဝ ကျော် သက်တမ်းရှိပြီး ကုန်းဘောင်ခေတ် ၁၉ ရာစု မြန်မာအနုပညာဗိသုကာလက်ရာ စံပြုကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင် ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောင် ၁ဝ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅ဝ၊ နယားရုပ်ထောက်တိုင်ပေါင်း ၅၄ တိုင် နှင့် သရက်ကင်းအုတ်လှေကားငါး စင်းဖြင့် တည်ဆောက်ထားသည်။
ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပု အခြေခံခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ် ရုပ်ကြွ များနှင့် အတွင်းမာရဘင် အရှေ့ပိုင် ကွန်း စင်တိုင်အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေ နဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment