Friday, December 2, 2016

အီးအက်ဖ်အယ်လ်ဖလား ဆီမီးဖိုင်နယ်အဆင့်တွင် မန်ယူနှင့် ဟားစီးတီး၊ လီဗာပူးနှင့် ဆောက်သမ်တန်တွေ့မည်



Image may contain: 1 person , outdoor
အီးအက်ဖ်အယ်လ်ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ မန်ယူအသင်း၊ လီဗာပူးအသင်း၊ ဟားစီးတီးအသင်းနှင့် ဆောက်သမ်တန် အသင်းတို့တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် မန်ယူအသင်းနှင့် ဟားစီးတီးအသင်း၊ လီဗာပူးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။
မန်ယူအသင်းသည် နိုဝင်ဘာ ၃ဝ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အီးအက်ဖ် အယ်လ်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းအား လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲစဉ်တွင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် တိုက်စစ်မှူး မာရှယ်တို့က မန်ယူအသင်းအတွက် နှစ်ဂိုးစီသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်အဆင့်တွင် ဝက်စ်ဟမ်း အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် အိမ်ကွင်းနောက်ဆုံးကစားခဲ့သည့် လိဂ်ဖလားပွဲစဉ် ၂၅ ပွဲတွင် တစ်ပွဲသာရှုံးပွဲကြုံခဲ့သည့်မှတ်တမ်းတစ်ရပ်ကိုလည်း စိုက်ထူနိုင်ခဲ့သည်။ မန်ယူအသင်း သည် ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလအတွင်းက ချယ်လ်ဆီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားခဲ့သည့်လိဂ်ပွဲစဉ် ၂၅ ပွဲတွင် ၂၃ ပွဲအနိုင်ရရှိထားကာ သရေပွဲတစ်ပွဲ ထွက်ပေါ်ထားခဲ့သည်။
ဝက်စ်ဟမ်းအသင်းမှာမူ အဝေးကွင်းနောက်ဆုံးကစားခဲ့သည့် လိဂ်ဖလားပွဲစဉ် ၁၂ ပွဲတွင် ၁ဝ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး နှစ်ပွဲသာအနိုင်ရရှိထားခဲ့သည့်အသင်းဖြစ်သည်။ မန်ယူအသင်း အီးအက်ဖ်အယ်လ်ဖလား ဆီမီးဖိုင်နယ်အဆင့် သို့ တက်ရောက်နိုင်ရေးအတွက် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့သည့် လေးပွဲတွင် ငါးဂိုးအထိရရှိအောင် ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
မန်ယူအသင်းနှင့် ထိပ်တိုက်တွေ့ဆုံမည့် ဟားစီးတီးအသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် နယူးကာဆယ်အသင်းအား အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ်အတွင်းကမူ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သည့်အသင်းတစ်သင်း ဖြစ်သည်။
ဆောက်သမ်တန်အသင်းသည် အီးအက်ဖ်အယ်လ်ကွာတားဖိုင်နယ်အဆင့်တွင် အာဆင်နယ်အသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် လီဗာပူးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အဆိုပါ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ဇန်နဝါရီ ၉ ရက်နှင့် ၂၃ ရက်တို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment