Thursday, December 29, 2016

အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်းမရှိကြောင်း တူရကီနိုင်ငံရှိ အမေရိကန်သံရုံး ငြင်းဆို


Image may contain: 1 person
အန်ကာရာ ဒီဇင်ဘာ ၂၈
တူရကီနိုင်ငံ အန်ကာရာမြို့တော်ရှိ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံ အနေဖြင့် ဆီးရီးယားနိုင်ငံရှိအကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့နေ သည်ဟူသော စွပ်စွဲချက်များကို ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ငြင်းဆိုလိုက်သည်။
တူရကီသမ္မတ ယီဆက်ပ်တေယက်အာဒိုဂန် က အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက အိုင်အက်စ်အဖွဲ့နှင့် ဆီးရီးယား ကာဒစ်ရှ်တပ်ဖွဲ့များအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ ပေးနေသည့် သက်သေအထောက်အထားများရှိသည်ဟု ပြောကြားလိုက်ပြီး နောက်တစ်နေ့တွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် အိုင်အက်စ်အဖွဲ့ကို ထောက်ပံ့ခြင်း မရှိသကဲ့သို့ ယခင်ကလည်း အိုင်အက်စ်အဖွဲ့ထူထောင်ပေးခြင်းနှင့် ထောက်ပံ့ခြင်းများမရှိခဲ့ကြောင်း၊ အမေရိကန်အစိုးရက အိုင်အက်စ်အဖွဲ့ကို ထောက်ပံ့ပေးနေသည်ဟူသော ပြောဆိုချက်များမှာ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''အရင်ကတော့ တူရကီနိုင်ငံဟာ အိုင်အက်စ်တို့ကို ထောက်ပံ့နေတယ် လို့ စွပ်စွဲခံခဲ့ရပါတယ်။ အိုင်အက်စ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေက စွပ်စွဲခဲ့တာပါ။ အခုတော့ သူတို့က အိုင်အက်စ်အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုတာ ရှင်းရှင်း လင်းလင်းသိရပါပြီ။
ကျွန်တော်တို့မှာ သက်သေပြနိုင်တဲ့ ဓာတ်ပုံတွေ ဗီဒီယို တွေရှိပါတယ်'' ဟု တူရကီသမ္မတ အာဒိုဂန်က အင်္ဂါနေ့ကပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
အမေရိကန်အစိုးရအနေဖြင့် ပီကေကေအဖွဲ့ကို လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့ခြင်းမရှိသကဲ့သို့ တူရကီနိုင်ငံတွင် ပီကေကေအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း အကြိမ်ကြိမ်ရှုတ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ။

No comments:

Post a Comment