Wednesday, December 28, 2016

ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြု

Image may contain: outdoor
ရန်ကုန် ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက် ခွင့်ပြုငွေ၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းပြင်ဆင်ချက်နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ကျန်ရှိ သော အချိန်သုံးလခန့်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် တတိယပုံမှန်အစည်း အဝေး (၂၂)ရက်မြောက်နေ့ ဒီဇင်ဘာ ၂၆ ရက်က တင်သွင်းခဲ့ရာ အစည်းအဝေး (၂၃) ရက်မြောက်နေ့ ဒီဇင်ဘာ ၂၇ ရက်က လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ မူလ ခန့်မှန်းခြေတွင် ရငွေ၊ ပြည်ထောင်စုမှ ထောက်ပံ့ငွေကျပ် ၄ဝ၈၅၈ သန်း အပါအဝင် ကျပ် ၃၃၆၂၁၈ ဒသမ ၅၇ဝ သန်းဖြစ်ပြီး အသုံးစရိတ် ကျပ် ၃၃၆၂၁၈ ဒသမ ၅၇ဝ သန်းဖြင့် ဖြည့်စွက်ခန့်မှန်းခြေ အသုံးစရိတ် ၁၆၈၃၁၂ ဒသမ ၇၂၅ သန်းဖြင့်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေတွင် ရငွေ၊ ပြည်ထောင်စုထောက်ပံ့ငွေ ကျပ်၂၄၅၂၂ ဒသမ ၁၅၈ သန်း အပါ အဝင် ကျပ် ၅ဝ၅၆၉၁ ဒသမ ၉၂ဝ သန်းနှင့် အသုံးစရိတ်မှာ ကျပ် ၅ဝ၅၆၉၁ ဒသမ ၉၂ဝ သန်းဖြင့် ရေးဆွဲထားသော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေး ဥပဒေကြမ်းကို အတည်ပြုပေး နိုင်ပါရန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး (၂၂) ရက်မြောက်နေ့တွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား တင်သွင်းခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး (၂၃) ရက်မြောက် နေ့တွင် အတည်ပြုပေးရန်အတွက် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ဥပဒေ ကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့သည်။
''၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ်မှာလည်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီက လေ့လာစိစစ်ပြီးတော့ အစီရင်ခံစာမှာလည်း ထောက်ခံပေးပြီးဖြစ်ပါတယ်။ ဥပဒေချုပ်ရုံး ကလည်း စိစစ်ပြီး ထောက်ခံပြီးဖြစ်ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ မူလ ခန့်မှန်းခြေ စုစုပေါင်းအသုံးစရိတ်ဟာ ၃၃၆ ဘီလီယံကနေပြီးတော့ အခု ပြုပြင်ပြီးခန့်မှန်းခြေက နောက်ထပ် တိုးရတာက ၁၆၈ ဒသမ ၃ ဘီလီယံ တိုးတက်ရရှိပါတယ်။ ဒါကြောင့် နောက်ထပ် တိုးတက်ရရှိလာခဲ့တဲ့ ၅ဝ၅ ဒသမ ၆ ဘီလီယံနဲ့ ရေးဆွဲထား ခြင်းဖြစ်ပါတယ်။ အခုတင်သွင်းအပ် တဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုပေးပါရန် တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်'' ဟု ဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဥပဒေကြမ်း တင်သွင်းမှုအပေါ် ကန့်ကွက်ဆွေးနွေးမှု မရှိခဲ့ဘဲ လွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေး နှစ်တွင် ဖြည့်စွက်ခွင့်ပြုငွေများကို ကျန်ရှိနေသည့်အချိန် သုံးလမျှကာလတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ထိထိမိမိအကျိုးရှိစွာ အသုံးပြုရန် လိုအပ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးက တိုက်တွန်းရှင်းလင်း တင်ပြသွားခဲ့ပြီး တိုင်းဒေသကြီး၏ မြို့တော် အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ လိုအပ်ချက်များအပေါ် ဦးစားပေးအလိုက် ခွဲဝေရရှိသော ခွင့်ပြုငွေဘဏ္ဍာငွေအတွင်း လိုအပ် ချက်များကို အတတ်နိုင်ဆုံးလျာထား ရေးဆွဲထားခြင်းဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များက ရှင်းလင်း တင်ပြသွားခဲ့သည်။
(ဝဝ၁)

No comments:

Post a Comment