Sunday, December 4, 2016

ပြင်သစ်နှင့် မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး မင်္ဂလာပါပွဲတော်လှည့်လည်ပြသ လာရောက်ကြည့်ရှုအားပေးကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ



Image may contain: 1 person , crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၃
ပြင်သစ်နှင့် မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး (၅၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် မြို့တော်အဆင့်မင်္ဂလာပါပွဲတော်ကို သုံးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းက ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမရှေ့၌ ရုပ်သေးရုပ်ကြီးနှစ်ခုအား စီတန်းလှည့်လှည်ခဲ့ပြီး မြေတူးစက်ကြီးဖြင့် အံ့ဖွယ်အကတင်ဆက်မှုများ ပြုလုပ်ခဲ့ရာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသော ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
သာကေတမြို့နယ် (၇) ရပ်ကွက်မှ ဒေါ်ခင်သန္တာအေးက ''ဒီပွဲကို အဓိက ကလေးတွေကို လာပို့တာပါ။ ဒီပွဲတော်ကို လာရတာအလွန်ကြည်နူးပျော်ရွှင်ရသလို ကျွန်မရဲ့ ကလေးတွေလည်း အလွန်ပျော်ရွှင်နေကြပါတယ်။ ဒီပွဲတော်မှာ ပျော်ရွှင်စရာ အရုပ်ကြီး တွေ၊ ဂိမ်းဆော့စရာတွေက ကလေးတွေအတွက် ပီတိဖြစ်စေရပါတယ်။ ဒီလို ပြင်သစ်နဲ့ မြန်မာယဉ်ကျေးမှုဆက်ဆံရေး အထိမ်းအမှတ်ပြုလုပ်တဲ့ပွဲတော်မှာ ဒီလိုကြိမ်၊ ဝါးနဲ့ပြုလုပ် ထားတဲ့ ရုပ်သေးရုပ်ကြီးနှစ်ခုကို ခုမှပထမဆုံးအကြိမ်တွေ့ဖူးတာပါ။ အရင်တွေ့ဖူးတာက ကြိမ်၊ ဝါးနဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံ(လက်မှုပညာ)ပဲ တွေ့ဖူးတာပါ။ မနက်ဖြန်မှာ မီးရှူး မီးပန်းပစ်ဖောက်မယ်ကြားတယ်။ မြေနီကုန်းမှာဆိုတော့ ဝေးတော့ သွားဖြစ်မယ်မထင်ပါဘူး''ဟု ဆိုသည်။
ရွှေပြည်သာမြို့နယ်နေ ကိုရန်ပိုင်စိုးက ''မြန်မာနိုင်ငံမှာ တစ်ခါမှမမြင်ဖူးတဲ့ မြေတူးစက်ကြီးနဲ့ အံ့ဖွယ်အက တင်ဆက်တာက တော်တော်အံ့သြရပါတယ်။ ပြင်သစ် လူမျိုးကလည်း ဒီလိုအံ့ဖွယ်အကတင်ဆက်ဖို့ကို တော်တော် စွန့်စားဖျော်ဖြေတာတွေ့နေရပါတယ်။ အလွန်အနုပညာ မြောက်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် အလွန်ထူးခြား တဲ့ဖျော်ဖြေတင်ဆက်မှုပါ။ ဒါမျိုးပွဲတော်မှာ ဒီလိုဖျော်ဖြေ တင်ဆက်မှုကို ကျွန်တော့်အနေနဲ့ ပထမဆုံးမြင်တွေ့ ရတာပါ။ ဒီပွဲတော်ကို ဖေ့ဘွတ်ကနေသိပြီး လာရောက်ကြည့်ရှုလေ့လာတာပါ။ ကျွန်တော်တို့နိုင်ငံက ခုဆို အများကြီး ပြောင်းလဲတိုးတက်လာပါပြီ။ ပြင်သစ်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်း တင်ဆက်တာဟာ နောင်တစ်ချိန်မှာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုတိုးတက်လာမယ်လို့ မြင်မိပါတယ်။ နောင်လည်း ဒီလိုပူးပေါင်းကျင်းပတဲ့ပွဲတော်ကို မြန်မာနိုင်ငံမှာ ဆက်လက်ပြုလုပ်စေလိုပါတယ်''ဟု ၎င်း၏အမြင်အား သုံးသပ်ပြောသည်။
ဒီဇင်ဘာ ၄ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ထိ ပြည်လမ်း(စမ်းချောင်း မြို့နယ်)၌ ရုပ်သေးရုပ်ကြီးနှစ်ခုဖြင့် စီတန်းလှည့်လည် သွားမည်ဖြစ်ပြီး မြေနီကုန်းခုံးကျော်တံတားတွင် ခုံးကျော် တံတားအနုပညာစီမံကိန်းအား ဟစ်ဟောပ့်ပြိုင်ပွဲများဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ပြင် ဒီဇင်ဘာ ၄ ရက် ညနေပိုင်း တွင်ကျင်းပမည့် မင်္ဂလာပါပွဲတော်ပိတ်ပွဲအခမ်းအနား၌ လမ်းပေါ်တွင် ဖျော်ဖြေမှုများ၊ ရော့ခ်ဂီတသီဆိုဖျော်ဖြေမှုများအပြင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အဖြစ် ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် မီးရှူးမီးပန်း ပစ်ဖောက်ခြင်းကို ပြည်သူ့ရင်ပြင်၌ ည ၈ နာရီခွဲမှ ၉ နာရီထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။
သတင်း-စိုးဝင်း(MLA)၊ ဇာနည်မောင်
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment