Sunday, December 4, 2016

ညီညွတ်မှ ဖွံ့ဖြိုးတိုးတက်မည်



Image may contain: text
''သမိုင်းတစ်လျှောက်လုံးတွင် ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ကြသည့် ကိစ္စတိုင်း၌ အောင်မြင်မှုရရှိခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းကာ တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း'' နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ရောက်ရှိစဉ် စင်ကာပူနိုင်ငံ ရောက်မြန်မာအသိုက်အဝန်းတို့အား တွေ့ဆုံပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် နိုင်ငံသားများ ညီညီ ညွတ်ညွတ် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ အောင်မြင်မှုများရရှိခဲ့ သည့်သမိုင်းမှတ်တိုင်များ ရှိခဲ့ဖူးပါသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများမှာ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်များရှိပြီးသားဖြစ်သောကြောင့် မည်သည့် ကိစ္စတွင်မဆို ညီညီညွတ်ညွတ်ဆောင်ရွက်ကြမည်ဆိုလျှင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရရှိမည်မှာ သေချာပါသည်။ အကယ်၍ ညီညွတ်မှုမရှိပါက အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အလှမ်းဝေး နေဦးမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ နိမ့်ကျခဲ့ရသော ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှု အကျိုးဆက်များကို ကြုံတွေ့နေရပြီး အဆိုပါအခက်အခဲများ၊ စိန်ခေါ်မှုများစွာတို့ကို ကျော်လွှားလွန်မြောက်နိုင်ရန်အတွက် အဓိကအချက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသကဲ့သို့ မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းကာ ညီညီညွတ်ညွတ် တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် အချိန်ကျရောက်နေပြီဖြစ်သည်။
လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အမိမြန်မာပြည်တွင် အတူတကွနေထိုင်ကြသူ တိုင်းရင်းသားပြည်သူများအနက် အချို့လူ့အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မျက်ကွယ်ပြုကာ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ ထိုသို့ပြုလုပ်ကြခြင်းသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေပါသည်။
နိုင်ငံအတွင်း အတူတကွ မှီတင်းနေထိုင်ကြသူများဖြစ်ပါလျက် လူမျိုးစွဲ၊ ဝါဒစွဲ၊ အယူအဆစွဲများဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်၊ ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့အောင် ထိုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများသည် တိုင်းရင်းသားပြည်သူအများစု၏ အကျိုး စီးပွားကိုဆန့်ကျင်သည့် လုပ်ဆောင်မှုများသာဖြစ်ပြီး မိမိတို့အတွက်လည်း အကျိုးမရှိ၊ နိုင်ငံအတွက်လည်း အကျိုးမရှိသော လုပ်ဆောင်မှုများသာ ဖြစ်သည်။
နိုင်ငံကိုတည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေသော ယနေ့အချိန်အခါ၌ နိုင်ငံသူ နိုင်ငံသားအားလုံး၏ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ဆောင်မှုများကို ရှောင်ရှားပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမျှော်မှန်းထားသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်သို့ မလွဲမသွေ ရောက်ရှိနိုင်မည်ဖြစ်သည်။
တိုင်းရင်းသားပြည်သူပြည်သားများ တစ်ယောက်ချင်းစီ၏ အင်အားများသည် နိုင်ငံ၏ခွန်အားများဖြစ်သည့်အတွက် တိုင်းပြည်ခွန်အားရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူလူထု သန်း ၅ဝ ကျော်ရှိပြီး လူတိုင်းလူတိုင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို လိုလားကြသူများဖြစ်သည်။ နိုင်ငံအား နှောင့်ယှက်ဖျက်ဆီး လိုမှုများကို လူတိုင်းလူတိုင်း မနှစ်မြို့ကြချေ။
တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်ပြုလုပ်လိုသူများသည် လူတစ်စု၊ လူနည်းစုသာဖြစ်ရာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ပြုလုပ်သူများအား ဆန့်ကျင်တိုက်ဖျက်ရမည်ဖြစ်သလို ဝိုင်းဝန်းရှုတ်ချကြ ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment