Sunday, December 4, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ



Image may contain: 16 people , indoor
ရန်ကုန် ဒီဇင်ဘာ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး ရောဘတ်ချွာနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ရှင်းလင်းတင်ပြ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်း (SMVTI) ကျောင်းအုပ်ကြီး Mr. Foo Jee Hing နှင့် ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာမျိုးသီတာ တို့က သက်မွေးပညာသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများ လက်တွေ့သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အမှတ်တရလက်ဆောင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) မှ ကျောင်းသား ကျောင်းသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ''သက်မွေးပညာရပ်သည် မိမိတို့နိုင်ငံတွင် အင်မတန်လိုအပ်နေကြောင်း၊ သက်မွေးပညာရပ်သည် တစ်ကမ္ဘာလုံးတွင် အရေးကြီးလာသော်လည်း အချို့က မသိရှိသေးကြောင်း၊ တက္ကသိုလ်ဘွဲ့ရမှ ပညာရှိသည်ဟု သတ်မှတ်ကြောင်း၊ ပညာဟူသည် မှာ ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်ဖြစ်ကြောင်း၊ ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ပါက ပညာရှိဟု သတ်မှတ်၍ရကြောင်း၊ ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခြင်းမရှိပါက ပညာရှိဟု ပြောရန်ခက်ကြောင်း၊ လူတိုင်းသည် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်မှ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံကြောင်း၊ မည်သည့်အလုပ်မဆို ဂုဏ်သိမ်ငယ်သည်ဟူ၍ မရှိကြောင်း၊ မိမိအလုပ်ကို တန်ဖိုးထားကာ သိက္ခာရှိရှိနှင့်လုပ်ပါက ထိုအလုပ်သည် တန်ဖိုးရှိကြောင်း''ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''ယနေ့ခေတ်တွင် အမျိုးသမီးရော အမျိုးသားပါ အလုပ်လုပ်မှ အဆင်ပြေကြောင်း၊ မိန်းကလေးများသည်လည်း မိမိအသက်မွေးဝမ်းကျောင်းအတွက် ရပ်တည်နိုင်ကြရမည်ဖြစ်ကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာကျောင်းတွင် စာသင်ကြားနေသော ကျောင်းသား ကျောင်းသူများသည် မိမိတို့အတွက်သာ သင်ကြားနေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် သင်ကြားနေသည်ကို သတိပြုစေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့နိုင်ငံတွင် သက်မွေးပညာကို တန်ဖိုးထားသော ယဉ်ကျေးမှုတစ်ခု ခိုင်မြဲသွားစေလိုကြောင်း၊ ကမ္ဘာတွင် အတိုးတက်ဆုံး နိုင်ငံများဖြစ်သည့် ဆွီဒင်၊ ဂျာမနီ၊ ဆွစ်ဇာလန်နိုင်ငံ တို့တွင် သက်မွေးပညာသင်သော ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်ပညာသင်သော ကျောင်းသား ကျောင်းသူများနှင့်ယှဉ်လျှင် လုံးဝနိမ့်ကျမှုမရှိကြောင်း၊ အချို့နေရာများတွင် ဝင်ငွေ ပိုပြီးကောင်းကြကြောင်း၊ မိဘများကလည်း မိမိတို့ သားသမီးများ ဘဝအာမခံချက်ရှိသည်ဆိုကာ ကျေနပ်ကြကြောင်း၊ ထိုစနစ်တစ်ခု အောင်မြင်ရန် ဆိုသည်မှာ အားလုံးက ဝိုင်းပြီးကြိုးစားကြရမည် ဖြစ်ကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် ပညာရေးအတွက် စံပြဖြစ်ရန်လိုကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများသည် မိမိနိုင်ငံ၏ လိုအပ်ချက်ဖြစ်သော သက်မွေးပညာကို အဆင့်မြင့်ရေး၊ အားပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံလိုကြောင်း'' ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းကို သက်မွေးပညာဆိုင်ရာနယ်ပယ်များအား အထောက်အကူပြုစေနိုင်ရန်၊ လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား လေ့ကျင့်သင်ကြား ပေးနိုင်ရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်း ကဏ္ဍများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆရာ ဆရာမများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပြိုင်လာမည့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် စသည့် ရည်ရွယ်ချက် များဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကျောင်းတွင် ဟိုတယ်ခရီး သွားလာရေးပညာရပ်များနှင့် အင်ဂျင်နီယာ ပညာရပ်များ အပါအဝင် ဘာသာရပ်ပေါင်း ၁ဝ မျိုး သင်ကြားပို့ချပေးလျက်ရှိပြီး လုပ်ငန်းခွင်အခြေ အနေအတိုင်း ဖန်တီးသင်ကြားပေးသော လက်တွေ့ ဦးစားပေး အချိန်ပြည့်သင်တန်းများဖြစ်ပြီး သင်တန်းကာလမှာ ခြောက်လဖြစ်သည်။ တန်းခွဲတစ်ခုလျှင် ကျောင်းသားဦးရေ ၄ဝ နှုန်းဖြင့် ကျောင်းသားဦးရေ ၄ဝဝ တက်ရောက်နိုင်ပြီး တစ်နှစ်လျှင်ကျောင်းသား ဦးရေ စုစုပေါင်း ၈ဝဝ တက်ရောက် သင်ယူနိုင်မည် ဖြစ်သည်။
သက်မွေးပညာကို စိတ်ဝင်စားပြီး အသက်(၁၆) နှစ်ပြည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော လူငယ်လူရွယ်များ တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့် သက်မွေးပညာကျွမ်းကျင် လက်မှတ်ပေးအပ်မည်ဖြစ်သည်။ ပြင်ပလုပ်ငန်းများနှင့် မျက်ခြည်မပြတ်စေရန် လုပ်ငန်းခွင်လေ့လာရေး သွားရောက်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံကြား စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သုံးနှစ်သက်တမ်း တိုးမြှင့်သွားရေးအတွက်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်ခဲ့သည့် စင်ကာပူနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment