Wednesday, December 28, 2016

နိုင်ငံခြားသားများ၏ အိမ်ခြံမြေငှားရမ်းမှုတွင် လုပ်ငန်းသုံး၊ ရုံးသုံးနေထိုင်နိုင်သည့် တိုက်ခန်းများနှင့် ဟိုတယ်စီမံချက် လှိုင်မြစ်ဘေးတွင် အကောင်အထည်ဖော်နေ

Image may contain: skyscraper, sky, plant, tree, outdoor and nature
ရန်ကုန် ဒီဇင်ဘာ ၂၇
မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု များ ပိုမိုအားကောင်းလာသည်နှင့်အမျှ နိုင်ငံခြားသားများ လာရောက်နေထိုင် အလုပ်လုပ်ကိုင်မှုများတွင် အိမ်ခြံမြေ အငှားဈေးကွက် သွက်လက်လျက်ရှိပြီး လုံးချင်းအိမ်ရာများကိုသာ အားထား ငှားရမ်းနေရာမှ လုပ်ငန်းသုံး၊ ရုံးသုံးအဖြစ် နေထိုင်အသုံးပြုနိုင်သည့် တိုက်ခန်းများနှင့် ဟိုတယ်စီမံချက် ပါဝင်သည့် Spring Line Project ကို ရန်ကုန်မြို့ လှိုင်မြစ်ကမ်းဘေး အောင်ဇေယျတံတားအရှေ့ဘက်တွင် အကောင်အထည် ဖော်နေကြောင်း သိရသည်။
ရန်ကုန်မြို့၏ အချက်အချာ စီးပွားရေးဇုန်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ဗန်း စသည့် စက်မှုဇုန်များအနီးတွင် ယင်းစီမံကိန်း ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး လုပ်ငန်းသုံး၊ ရုံးသုံးအဖြစ် ပြည့်စုံသော ဝန်ဆောင်မှုများပါဝင်သည့် တိုက်ခန်းများမရှိသေးသည့် အတွက် Facilities အထောက်အပံ့ ပြည့်စုံစွာပါရှိသော Spring Line Project ကို အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း သိရသည်။
''အနာဂတ် မြန်မာနိုင်ငံရဲ့ စီးပွား ရေးတိုးတက်မှုအလားအလာကောင်း မယ်လို့ IMF က ခန့်မှန်းထားတယ်။ GDP တိုးတက်နှုန်း အမြန်ဆုံးဖြစ်မယ် လို့ပေါ့။ နောက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေကလည်း ပိုမိုတိုးတက်လာမယ်။ နိုင်ငံခြားသားတွေ လာရောက်မှု များပြားလာတာနဲ့အမျှ နေထိုင်မှုမှာလည်း လုံးချင်းအိမ်တွေကိုပဲ အားပြု ငှားရမ်းနေရတယ်။ ဈေးနှုန်းကလည်း ကြီးမြင့်တယ်။ လုပ်ငန်းသုံး၊ ရုံးသုံး အဖြစ် Facilities စုံစုံနဲ့ ထောက်ပံ့ပေး နိုင်တဲ့ တိုက်ခန်းမျိုးတွေ လိုအပ်နေတယ်။ ဒါကြောင့် စီးပွားရေးအချက် အချာဖြစ်တဲ့ စီးပွားရေးဇုန်တွေအနီး မှာ Facilities အထောက်အပံ့ ပြည့်စုံစွာပါရှိတဲ့ Spring Line Project ကို အကောင်အထည်ဖော် ခြင်းပဲဖြစ်ပါတယ်'' ဟု Spring Line Project မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းတွင် လုပ်ငန်း လိုအပ်ချက်အရ ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်စီမံကိန်းပါဝင်ပြီး ဟိုတယ်၏ ပထမထပ်နှင့် တတိယထပ်မှာ Modern Shopping Center ဖြစ်ပြီး စူပါမားကတ်၊ စားသောက်ဆိုင်များ၊ အအေးဆိုင်များ၊ သီချင်းခွေဆိုင်များ၊ စာအုပ်ဆိုင်များ၊ ဘဏ်များပါဝင်မည် ဖြစ်သည်။ ဟိုတယ်၏ စတုတ္ထထပ်တွင် အဆင့်မြင့်စားသောက်ဆိုင်များ၊ ဘားများ၊ အပေါ်ဆုံးထပ်တွင် Sky View ဘား ပါရှိမည်ဖြစ်သည်။ အဆိုပါ SOHO Building ၏ Basement နှစ်ထပ်နှင့် Ground Floor တွင် လုံလောက်သော ကားပါကင်များ ထားရှိပေးထားပြီး အဆောက်အအုံ၏ တတိယထပ်တွင် total area 4000m2 ရှိ၍ ၂၄ နာရီ အသုံးပြုနိုင်သည့် ရေကူးကန်၊ ကော်ဖီ ဘား၊ စားသောက်ဆိုင်၊Gym၊ အစည်းအဝေးခန်း၊ မိတ္တူ၊ ပရင်တာ၊ ဆေးခန်းများ စသည့် လုပ်ငန်းသုံးနှင့် နေထိုင်မှုများအတွက် လိုအပ်သည် များကို ဖြည့်ဆည်းပေးထားသည်ဟု သိရသည်။
ယင်းသို့ ပြည့်စုံကောင်းမွန်သည့် SOHO တိုက်ခန်းအမျိုးအစားများကို စိတ်ဝင်စားသူများပြားလာပြီး ရင်းနှီး မြှုပ်နှံလိုသူများလည်း များပြားလာသည်ဟု သိရသည်။ အိမ်ခြံမြေ ဈေးကွက် အနည်းငယ်အေးစက်နေချိန်တွင် တိုက်ခန်းအငှားဈေးကွက် ရှိနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ အတွက် စိတ်ဝင်စားမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။ သာမန်တိုက်ခန်း များနှင့် ယင်းသို့ SOHO တိုက်ခန်း အမျိုးအစားများကို ရင်းနှီးမြှုပ်နှံမှု နှိုင်းယှဉ်ချက်များအရ Annual return ရှစ်ရာခိုင်နှုန်းအထက်ရှိလျှင် ရင်းနှီးမြှုပ်နှံသင့်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်သည်။ လုပ်ငန်း တိုင်းတွင် Annual return ရှစ် ရာခိုင်နှုန်းရှိသင့်သည်ဟု သုံးသပ်ပြီး ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဆုံချက်ဖြစ်သည့်အတွက် ရွှေ့ပြောင်းအခြေချနေထိုင်သူများ၊ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်သူများကြောင့် အိမ်ခြံ မြေတိုက်ခန်းအငှားဈေးကွက် အားကောင်းလျက်ရှိသည်ဟု သိရသည်။
Service Apartment များ၏ ငှားရမ်းခမှာ နှစ်စဉ် ၁ဝ ရာခိုင်နှုန်းခန့် တိုးမြင့်နေပြီး SOHO တိုက်ခန်းများမှာ ငှားရမ်းခနှုန်းမြင့်သော်လည်း ငှားရမ်းရန်လွယ်ကူခြင်း၊ ဈေးနှုန်း တည်ငြိမ်ခြင်းစသည့် အချက်အလက် များနှင့် ပြည့်စုံပြီး ယင်းကို အကောင်အထည်ဖော်မည့် Spring Line Project သည် ရန်ကုန်မြို့တွင် ပထမ ဆုံးသော SOHO Project ဖြစ်သည့် အပြင် စင်ကာပူ KTP ဒီဇိုင်းကုမ္ပဏီမှ ရေးဆွဲထားသော ခေတ်မီ ၂၄ ထပ် တိုက် ငါးလုံးပါဝင်ကြောင်း သိရသည်။ လှိုင်မြစ်ကမ်းဘေးတွင် တည်ရှိ ပြီး မြစ်ရှုခင်းနှင့်အတူ အနာဂတ် ဖွံ့ဖြိုးလာမည့် ရန်ကုန်မြို့၏ အထင်ကရ အဆောက်အအုံတစ်ခုအဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
(ခင်ဇာလီ)

No comments:

Post a Comment