Wednesday, December 28, 2016

(၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: one or more people and indoor
ရန်ကုန် ဒီဇင်ဘာ ၂၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၆၉)ကြိမ် မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပရာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ ဂုဏ်ရည်ကျောင်းဆရာတော် အဘိ ဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယသြဝါဒကထာ မြွက်ကြား တော်မူသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာ ရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ အလှူရှင် ၁၃ ဦးက အလှူငွေကျပ် ၃၁၁ သိန်းကျော်ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့က လက်ခံ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကာ သာသနာရေးဦးစီးဌာနမှ စာပေလက်ထောက်(၁) ဦးဆန်းမောင် က ဓမ္မာသနပလ္လင်တော်များနှင့် ကနက္ကဒဏ် ထီးဖြူတော်များကို အဘိသေက မန္တန်တော်ဖြင့် ဘိသိက် သွန်း၍ ပလ္လင်တော်များထက်သို့ သာသနာ့ အာဇာနည်များအား ပင့်လျှောက်တော်မူသည်။
(၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးဝန်ကြီးဌာနက သြဝါဒါ စရိယဆရာတော်ကြီး ၁ဝ ပါးအား တစ်ပါးလျှင် ဝတ္ထုငွေကျပ် သုံးသိန်း၊ စာထောက်စာမ ဆရာတော် ၁၂၄ ပါးအား တစ်ပါးလျှင် ဝတ္ထုငွေကျပ် သုံးသောင်း စုစုပေါင်း အလှူငွေကျပ် ၆၇၂ဝဝဝဝ ဆက်ကပ်လှူဒါန်းခဲ့သည်။
(၆၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲသို့ အာဂုံပြန် သံဃာတော် ၂ဝ၄ ပါး၊ ရေးဖြေသံဃာတော် ၁၅၅ ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး

No comments:

Post a Comment