Sunday, December 4, 2016

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်လေ့လာ ၁၂ လအတွင်း အစိုးရထံ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး နှစ်ဖက်တင်းမာမှုများ လျှော့ချပေးရေးရှေးရှုသွားမည်



Image may contain: 5 people , people standing, outdoor and nature
မောင်တော ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် စစ်တွေလေဆိပ်မှ မောင်တောမြို့ ကျီးကန်းပြင်ကျေးရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့သည် မောင်တောမြို့မြောက်ပိုင်းရှိ ကျီးကန်းပြင်ရွာသို့ ရောက်ရှိလေ့လာသည်။ ကျီးကန်းပြင်ရွာသည် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရသည့် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်အနီးရှိ ကျေးရွာဖြစ်သည်။
ဆက်လက်၍ ဝါးပိတ်ကျေးရွာသို့ သွားရောက် လေ့လာသည်။ ဝါးပိတ်ကျေးရွာသည် အောက်တို ဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကပါဝင် ပတ်သက်ခဲ့သည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကျီးကန်းပြင်ဌာနချုပ် မှ ဆုံးရှုံးသွားသည့် လက်နက်အချို့ပြန်လည်သိမ်းဆည်းရမိခဲ့သည့် ရွာတစ်ရွာလည်းဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ရှင်းလင်းပြောကြားသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကလည်း နယ်မြေဒေသအခြေအနေများကို ရှင်းလင်းပြောကြားပြီး မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၏ မေးမြန်းမှုများအပေါ် ရဲမှူးချုပ် သူရစန်းလွင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များသည် ဝါးပိတ်ကျေးရွာမှတစ်ဆင့် ကြက်ရိုးပြင်ကျေးရွာသို့ ဆက်လက်သွားရောက်ကာ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။ ထို့နောက် ကျီးကန်းပြင်မှတစ်ဆင့် မောင်တော မြို့တောင်ပိုင်းရှိ ရွှေဗဟိုရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့သည် မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်းရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီးနောက် ဘူးသီးတောင်မြို့ သို့ဆက်လက်သွားရောက်သည်။ ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဧည့်ရိပ်သာ၌ ဒေသခံတိုင်းရင်းသားများနှင့်လည်းကောင်း၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အစ္စလာမ်ဘာသာဝင် များနှင့်လည်းကောင်း တွေ့ဆုံသည်။ ယင်းနောက် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်လေ့လာသည်။
ခရီးစဉ်အတွင်း နှစ်ဖက်လူမှုအသိုင်းအဝိုင်းများမှ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောဆိုခြင်း နှင့် မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်းများအတွက် စီမံဆောင်ရွက်ပေးသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ကိုဖီအာနန်က ပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြေပြင်အခြေအနေများကို ကွင်းဆင်း လေ့လာပြီးနောက် တွေ့ရှိချက်များကို ၁၂ လအတွင်း အစိုးရထံ အစီရင်ခံစာတစ်စောင်တင်သွင်းရမည်ဖြစ်ပြီး ကော်မရှင်၏ အကြံပြုချက်များသည် နှစ်ဖက်လူမှု အသိုင်းအဝိုင်း၏ တင်းမာမှုများ လျှော့ချပေးရေးကို ရှေးရှုသွားမည်ဖြစ်ကြောင်း မစ္စတာ ကိုဖီအာနန်က ပြောကြားထားသည်။
မစ္စတာ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ပထမအကြိမ်ခရီးစဉ်အဖြစ် စက်တင်ဘာလအတွင်းက လာရောက်လေ့လာခဲ့ပြီး ၎င်းခရီးစဉ်တွင် နှစ်ဖက် အသိုင်းအဝိုင်းအကြား၌ ဖိနှိပ်ချုပ်ခြယ်မှုများမတွေ့ရှိခဲ့ကြောင်း ကိုဖီအာနန်က ပြောကြားထားသည်။ ကိုဖီအာနန်၏ ဒုတိယအကြိမ် ရခိုင်ပြည်နယ်သို့ လာရောက်သည့် ခရီးစဉ်မှာ ကိုးရက်ကြာမြင့်မည်ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက် တွင် မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ အေဝမ်းစိုး

No comments:

Post a Comment