Saturday, December 31, 2016

အလယ်အလတ်တရားပွားများ



Image may contain: text
''သင်တို့ကို ငါဘုရား နောက်ဆုံးစကား မှာကြားခဲ့မည်။ သင်္ခါရဓမ္မမှန်သမျှ ပျက်စီးခြင်း သဘောရှိကုန်သည်။ သင်တို့သည် ထိုရုပ်နာမ်ဓမ္မသင်္ခါရတို့ အပေါ်၌ အနိစ္စဟူ၍ ရှုခြင်း၊ ဒုက္ခဟူ၍ ရှုခြင်းတည်းဟူသော သတိမလစ် သော အပ္ပမာဒတရားဖြင့် ပြည့်စုံကြကုန်လော့''ဟု နောက်ဆုံးစကား မှာကြားကာ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခဲ့သည်။
ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် ဖြစ်ခြင်းပျက်ခြင်းသဘောရှိကုန်သည်။ မည်သည့်အရာမှ မြဲသည်မရှိ ဖြစ်ပြီးလျှင်ပျက်ခြင်းသို့ရောက်သည်။ အနိစ္စပျက်ယွင်းခြင်းကို ရှုမှတ်ရမည်။ ဒုက္ခဆင်းရဲခြင်းကိုလည်း ရှုမှတ်ရမည်။ ယင်းတို့ကို မလစ်သောသတိ အပ္ပမာဒတရားဖြင့်တည်နေလျှင် ချမ်းသာခြင်းအစစ်အမှန်ကိုရမည်ဟု တရားတော်တွင် ဖွင့်ဆိုထားသည်။
ကျွန်ုပ်တို့ပုထုဇဉ်လူသားများအနေဖြင့် အနိစ္စလည်းမမြင်၊ ဒုက္ခလည်းမမြင် ကာမဂုဏ်စည်းစိမ်ခံစားနေထိုင်ရင်း မိမိကိုယ်ကို ညှဉ်းဆဲနှိပ်စက်ပြီး အပင်ပန်းအဆင်းရဲခံနေထိုင်သည့် အမှားများကျူးလွန်နေကြသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက ထိုအမှားတို့မှကင်းလွတ်သည့် အလယ်အလတ်ကျင့်စဉ်ကို ညွှန်ပြခဲ့သည်။ ထိုကျင့်စဉ်ကိုကျင့်ကြံကြပါက သစ္စာလေးပါးဉာဏ်အမြင်ရ၍ ချမ်းသာခြင်းသို့ရောက်သည်။
အလယ်အလတ်ကျင့်စဉ်တွင် ကောင်းမွန်မှန်ကန်စွာသိမြင်နားလည်ခြင်း၊ ကောင်းမွန်မှန်ကန်စွာ စဉ်းစားကြံစည်ခြင်း၊ ကောင်းမွန်မှန်ကန်စွာပြောဆိုခြင်း၊ ကောင်းမွန်မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ကောင်းမွန်မှန်ကန်စွာ အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ကောင်းမွန်မှန်ကန်စွာအားထုတ်ခြင်း၊ ကောင်းမွန်မှန်ကန်စွာ အောက်မေ့သတိရှိခြင်း၊ ကောင်းမွန်မှန်ကန်စွာ အာရုံစိုက်ကာ စိတ်တည်ကြည်နေခြင်းဟူသည့် အင်္ဂါရှစ်ပါးပါဝင်သည်။
ယနေ့သည် နှစ်တစ်နှစ်၏နောက်ဆုံးနေ့ဖြစ်သည်။ အနိစ္စသင်္ခါရ သဘောတရားအရ အချိန်တို့သည် စက္ကန့်တိုင်း စက္ကန့်တိုင်းသေဆုံးသွားကာ နောက်ဆုံးတစ်ဖြတ် တစ်နှစ်ကုန်ဆုံးချေပြီ။ ကုန်ဆုံးခဲ့သော တစ်နှစ်တာကာလအတွင်း အနိစ္စလည်းမမြင်၊ ဒုက္ခလည်းမမြင် ကာမဂုဏ်စည်းစိမ်တို့ကို ခံစားနေထိုင်ရင်း မိမိကိုယ်ကို ညှဉ်းဆဲမှန်းမသိ ညှဉ်းဆဲခဲ့ကြ ပေလိမ့်မည်။
မနက်ဖြန်ဆိုလျှင် နှစ်တစ်နှစ်ကုန်ဆုံး၍ နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည်ဖြစ်သည်။ ယနေ့ ပစ္စပ္ပုန်ဆိုသည်မှာလည်း တခဏချင်းကုန်ဆုံး၍ အတိတ်တွင်ကျန်ရစ်တော့မည်။ ကုန်ဆုံးခဲ့သော အချိန်များအတွင်း လောကအကျိုး၊ မိမိအကျိုး မည်မျှဆောင်ရွက်ခဲ့သည်ကို ဆင်ခြင်သုံးသပ်ကြည့်နိုင်သည်။ အလျဉ်မပြတ်တရစပ်ကုန်ဆုံးခဲ့သော အချိန်များအတွင်း ကောင်းသောအမှု ပြု၊မပြု မိမိကိုယ်သာ အသိဆုံးဖြစ်မည်။
အချိန်ကာလဟူသည် ရှည်လျားလွန်းသည်ဟု ပေါ့ပေါ့တန်တန်တွေးကာ ပေါ့ပေါ့ဆဆ မနေသင့်ချေ။ ကုန်ဆုံးခဲ့သောအချိန်များမှာ နောက်ကြောင်းပြန်ကြည့်လျှင် တိုတောင်းလွန်းလှသည်။ ကုန်လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု၊ နှစ်ခုမကတို့သည် မကြာသေးဟူ၍ အမှတ်တရ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေးသော အချိန်များအတွင်း မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတိုးတက်ကောင်းမွန်အောင် အားထုတ်သင့်လှသည်။
ကုန်ဆုံးခဲ့သောအချိန်များမှ မှားခဲ့သောအမှားများကို သင်ခန်းစာယူကာ အပ္ပမာဒ မလစ်သောသတိတရားဖြင့် မဂ္ဂင်ရှစ်ပါး အလယ်အလတ် အကျင့်တရားများကို အတတ်နိုင်ဆုံးကျင့်ကြံအားထုတ်သင့်သည်။ အကယ်၍ သင်သည် အနာဂတ်တွင် အလယ်အလတ်တရားများနှင့် သွေဖည်၍ သတိမမူပေါ့ပေါ့တန်တန်ပြုမူခဲ့ပါမူ ဒုက္ခဆင်းရဲခြင်း၊ အနိစ္စပျက်စီးခြင်းတို့နှင့် မနှေးအမြန်ကြုံတွေ့နိုင်သည်။
ထို့ကြောင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းရောက်ရှိ တော့မည်ဖြစ်ရာတွင် နှစ်ဟောင်းမှ မကောင်းသော အပြုအမူများကို နှစ်သစ်သို့ ဆက်လက်သယ်ဆောင်ယူခြင်းမပြုတော့ဘဲ အတိတ်တွင် ထားရစ်ခဲ့ကာ နှစ်သစ်တွင် စိတ်သစ်ကိုယ်သစ်ဖြင့် အလယ်အလတ်တရားများကို ပွားများအားထုတ်ရင်း မိမိအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ ကောင်းသောအကျင့်အကြံတို့ကို ပွားများအားထုတ်ကြရန် တိုက်တွန်းပါသည်။ ။

No comments:

Post a Comment