Friday, December 30, 2016

ကရင်စာပေနှင့် ယဉ်ကျေးမှုကို အဓွန့်ရှည်တည်တံ့စေပြီး ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်သည့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပ

Image may contain: one or more people, crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၉
သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်သည် တောင်ပေါ် မြေပြန့် ကရင်တိုင်းရင်းသားအားလုံးတို့၏ နှစ်သစ်ကူး မင်္ဂလာရက်ဖြစ်သည်။ ကရင်သက္ကရာဇ်အားဖြင့် ၂၇၅၅ ခုနှစ်မှ ၂၇၅၆ ခုနှစ်သို့ ကူးပြောင်းသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ဖြစ်သည်။
ယင်းနေ့တွင် ကရင်အမျိုးသားအလံတော် လွှင့်တင် ခြင်းနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုခြင်း၊ ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်းများ၊ နှစ်သစ်ကူးနေ့ဟောပြောပွဲ၊ အားကစား နှင့် ပျော်ပွဲရွှင်ပွဲများ၊ ကရင်ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲများ၊ ဝါးထောက်၊ ဝါးညှပ်အကများ၊ ကရင်ရိုးရာတေးသီချင်းများ ဖြင့် သီဆိုခြင်းများကို မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့် ကျောင်းဝင်းတွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆ နာရီမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပွဲတော်ကျင်းပရခြင်းမှာ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးကို ရှေးရှုရန်၊ နှစ်သစ်ကူးနေ့သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ခြင်းကြောင့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရ အမြတ်ထုတ် ခြင်း၊ ဘာသာရေးအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်း အလျဉ်းမပြုဘဲ ကရင်အမျိုးသားအသိစိတ်ဓာတ်ဖြင့် ရိုင်းပင်း ကူညီရန်၊ မဟာရန်ကုန်နယ်နိမိတ်အတွင်း စုစည်းညီညွတ် သည့်တစ်ခုတည်းသော ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကျင်းပရန်၊ ကရင်ဘဝဓလေ့နှင့် ကိုက်ညီစစ်မှန် သည့် ကရင်ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ အနာဂတ် ကရင်အဆက်အနွှယ် လူငယ်များ၊ မိမိတို့၏ ကရင်ဘဝဓလေ့နှင့်ကိုက်ညီသော စစ်မှန်သည့် ကရင်ယဉ်ကျေးမှုများကိုမြတ်နိုးပြီး ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်လိုသော အသိစိတ်ဓာတ်များ ကိန်း အောင်းရှင်သန်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
''ဒီနှစ်သစ်ကူးပွဲမှာ ဝမ်းသာတာလည်းပါသလို မျှော်လင့်တာလည်းပါတယ်။ ကရင်တစ်မျိုးသားလုံးအခုလို နှစ်သစ်ကူးပွဲတွေ ကျင်းပနိုင်တာ ဝမ်းသာပါတယ်။။ ဘာကို မျှော်လင့်လည်းဆိုတော့ ကျွန်တော်တို့ နှစ်သစ်ကူးက စည်းလုံးညီညွတ်ခြင်းကို အခြေခံပါတယ်။ ဒီနှစ်ကူးက စည်းခြားထားခြင်းမရှိဘူး။ ဒီနှစ်ကူးမှာ ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဘယ် ဒေသကပဲလာလာ နှစ်သစ်ကူးကို အတူတကွ လက်တွဲ ပါဝင် ဆင်နွှဲနိုင်တဲ့အတွက် ညီညွတ်ခြင်းကို ဖော်ဆောင်တဲ့ ပွဲလို့လည်းပြောလို့ရပါတယ်။ အဲဒီအတွက် ကရင်တစ်မျိုး သားလုံး ညီညွတ်ရေးကိုမျှော်လင့်ပါတယ်''ဟု ဗဟိုကော်မတီ အဖွဲ့ဝင် ကိုစောထီးမူးက ပြောသည်။
ရှေးယခင်က ကရင်တိုင်းရင်းသားများသည် ဆောင်းကာလကောက်ပဲသီးနှံများပေါ်စအချိန်တွင် မိသားစုများ နှင့်အတူတကွ ကောက်သစ်စားပွဲတော်များ ကျင်းပရာမှ ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲတော်အဖြစ် မြတ်နိုး ဖွယ်ရာ ကရင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၁ ရက် (ပြာသိုလဆန်း ၁ ရက်)တွင် အစိုးရအသိအမှတ်ပြု တရားဝင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခံခဲ့ရသည်။
''ကရင်အမျိုးသမီးတစ်ယောက်အနေနဲ့ ကရင်ရိုးရာ ဝတ်စုံနဲ့ ဒီလိုနှစ်သစ်ကူးပွဲလေးကို ဆင်နွှဲရတဲ့အတွက် အလွန်လည်း ပျော်မိပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဘိုးဘွား အစဉ်အလာကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပေကို ဆက်လက်ထိန်းသိမ်းသင့် တယ်။ ယဉ်ကျေးမှုမပျောက်သွားရအောင်လို့ ဒီနှစ်သစ် ကူးပွဲက ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းပေးတဲ့ပွဲလို့လည်း မြင်ပါတယ်''ဟု ဖျော်ဖြေရေးအဖွဲ့ဝင် မငြိမ်းထက်ထက်ဦးက ပြောသည်။
ကရင်နှစ်သစ်ကူးပွဲတော်ကို အာလိန်ငါးဆင့် ကျောင်းဝင်းအတွင်းတွင် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ ကျင်းပခြင်းဖြစ်ပြီး ယနေ့သည် ပွဲတော်၏ ဒုတိယမြောက်နေ့ ဖြစ်သည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment