Saturday, December 31, 2016

ကင်းထောက်များအကြားတွင် သိကျွမ်းနိုင်သလို ယဉ်ကျေးမှုချင်းဖလှယ်နိုင်ရန် အခွင့်အလမ်းရရှိနိုင်

Image may contain: one or more people

နေပြည်တော် ဒီဇင်ဘာ ၃ဝ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်ကင်းထောက်အမျိုးသမီးအဖွဲ့တို့ ပူးပေါင်း၍ စတုတ္ထအကြိမ် အပြည်ပြည် ဆိုင်ရာ စခန်းချသင်တန်း(Fourth International Camp for MMGG and GSJ) တက်ရောက်လျက်ရှိသည့် မြန်မာ-ဂျပန် အမျိုးသမီးကင်းထောက် များ၏ စခန်းချမီးပုံပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
စခန်းချမီးပုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တောစခန်းထွက်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှုများ ရရှိပါကြောင်း၊ ကင်းထောက်များအား သင်ကြားပေးသည့် လက်တွေ့ကျကျ ပညာများကိုလေ့ကျင့်နိုင်ရန်ဟု နားလည် ပါကြောင်း၊ အရေးကြီးသည်မှာ မိတ်ဖြစ် ဆွေဖြစ် အားလုံးစုစုရုံးရုံးနှင့် နေနိုင် ရန်ဖြစ်ကြောင်း၊ ယခုလို တောစခန်း ထွက်ခြင်းအားဖြင့် အခြားနိုင်ငံမှ ကင်းထောက်များနှင့် ပိုမိုသိကျွမ်းရန် အခွင့်အရေးရပါကြောင်း၊ မိမိတို့ ငယ်စဉ်က တောစခန်းထွက်သည့်အခါ ထိုင်းနိုင်ငံမှ ကင်းထောက်များ ပထမဆုံး လာရောက်ပြီး မိမိတို့နှင့်အတူ တစ်ပတ်၊ နှစ်ပတ်ကြာ နေထိုင်သွားပါကြောင်း၊ ယခု ကဲ့သို့ ဂျပန်နိုင်ငံမှ ကင်းထောက်များ လာရောက်ခြင်းဖြင့် ကင်းထောက်များ အကြားတွင် သိကျွမ်းနိုင်သလို ယဉ်ကျေး မှုချင်း ဖလှယ်နိုင်ရန် အခွင့်အလမ်း ရရှိနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် ဂျပန်နိုင်ငံ အိုဆာကာ အမျိုးသမီးကင်းထောက် အဖွဲ့မှ Ms.Kuniko Tatamitani က ကျေးဇူးတင်စကားပြောကြားသည်။
လက်ဆောင်ပစ္စည်းပေးအပ်
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်နိုင်ငံ အိုဆာကာ အမျိုးသမီးကင်းထောက် အဖွဲ့မှ Chief Executive Organizer Ms. Kuniko Tatamitani၊ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နာMs. Michiko Hanaoka ၊ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာတို့က အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ် ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီး၊ တာဝန်ရှိသူများ၊ မြန်မာ-ဂျပန် ကင်းထောက်မယ်များနှင့်အတူ မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် စခန်းချမီးပုံပွဲကို ကျင်းပ ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ ဂျပန် နိုင်ငံ အိုဆာကာ အမျိုးသမီးကင်းထောက် အဖွဲ့မှ Chief Executive Organi-zer Ms. Kuniko Tatamitani ၊ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နာ Ms. Michiko Hanaoka တို့က စတင်မီးညှိပေးကြသည်။

ကင်းထောက်တေးသီချင်းဖျော်ဖြေ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ-ဂျပန် ကင်းထောက်မယ်များ၏ ကင်းထောက် တေးသီချင်းနှင့် သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။
စခန်းချလေ့ကျင့်
စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်းကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက်အထိ စခန်းချလေ့ကျင့် လျက်ရှိပြီး သင်တန်းတွင် အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ် များမှ မြန်မာကင်းထောက်အမျိုးသမီး ၉၂ ဦး၊ ဂျပန်နိုင်ငံမှ ကင်းထောက် အမျိုးသမီး ၄၁ ဦး စခန်းချလေ့ကျင့်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment