Saturday, December 31, 2016

ပြင်ဦးလွင်၏ သဘာဝအလှတရားကိုဖော်ညွှန်း၍ သာယာလှပမေမြို့အလှ ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပြပွဲကျင်းပ

Image may contain: one or more people, people standing and outdoor
ပြင်ဦးလွင် ဒီဇင်ဘာ ၃ဝ
နွေ၊ မိုး၊ ဆောင်း သုံးရာသီ သာယာလှပလျက်ရှိသည့် ပြင်ဦးလွင်(ခေါ်) မေမြို့၏ သဘာဝအလှတရားကို ဖော်ညွန်းထားသော သာယာလှပမေမြို့အလှ ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပြပွဲကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)က ကြီးမှူး၍ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ကန်တော်လေးအနီး ဂန္ဓမာမြိုင်ဟိုတယ်တွင် ပထမ အကြိမ်အဖြစ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ပြင်ဦးလွင်မြို့ရဲ့ သဘာဝအလှတရားကို ပြည်တွင်း၊ ပြည်ပခရီးသွားသူတွေ ထဲထဲဝင်ဝင်သိနိုင်ဖို့၊ ဒေသခံ ရွက်ပုန်းသီးဓာတ်ပုံပညာရှင်တွေ ဖော်ထုတ်လာစေဖို့ အတွက် ကျင်းပဖြစ်တာပါ၊ ဓာတ်ပုံတစ်ပုံချင်းစီ၏ အလှတရားစစ်စစ်ကို မျက်စိနဲ့တင်သာမက နှလုံးသားနဲ့ ခံစားချင်တယ်ဆိုရင် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ထပ်တူကျတဲ့ ပုံလေးတွေကို တွေ့ရင်လည်း အပိုင်ဝယ်နိုင်ပြီး သိမ်းထားနိုင်မှာပါ'' ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း (ပြင်ဦးလွင်ဇုန်) အတွင်းရေးမှူး ဦးဝေဠုက ပြောသည်။
သာယာလှပမေမြို့အလှ ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပြပွဲတွင် ဒေသခံဓာတ်ပုံပညာရှင်များနှင့် လူငယ် ဓာတ်ပုံပညာရှင်များ၏ ဓာတ်ပုံ ၂၃ဝ ကျော် ယှဉ်ပြိုင် ပြသထားမည်ဖြစ်ပြီး ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်းနှင့် နှစ်သိမ့်ဆုခုနစ် ဆု ချီမြှင့်မည်ဖြစ်ရာ နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်ပုံများအား မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်အသင်း(ပြင်ဦးလွင်ဇုန်)မှ ၂ဝ နှင့် ပြင်ဦးလွင်မြို့ခံ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင် အကဲဖြတ်အဖွဲ့ ၁ဝ ဦး စုစုပေါင်း ‘၃ဝ ဖြင့် ရွေးချယ် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
''ပြိုင်ပွဲဝင်ဓာတ်ပုံတွေအားလုံးကို အများဆန္ဒနဲ့ ရွေးချယ်ဆုချီးမြင့်သွားမှာပါ။ ဟိုတယ်လုပ်ငန်းရှင်အသင်းက ‘ဒိုင်တွေနဲ့ရော ပြင်ပနယ်ပယ်အသီးသီးက တတ်သိပညာ ရှင်တွေထဲက ‘ ဒိုင်တွေနဲ့ပါ ရွေးချယ်သွားမှာပါ၊ ဓာတ်ပုံ ရွေးချယ်တဲ့အခါ အများပြည်သူအားလုံးရှေ့မှာ ဘယ်လို စနစ်နဲ့ ရွေးချယ်သွားမည်ဆိုတာချပြပြီး ပွင့်လင်းမြင်သာစွာ ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း (ပြင်ဦးလွင်ဇုန်) အတွင်းရေးမှူး ဦးဝေဠုက ပြောသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပြပွဲတွင် မည်သူမဆို (ပြင်ဦးလွင်(ခ)မေမြို့နှင့် သက်ဆိုင်သော မည်သည့်ပုံမဆို) အခမဲ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားသလို ပြိုင်ပွဲဝင် ဓာတ်ပုံပြိုင်ပွဲဝင်ထားသူများသည် မိမိတို့ ၏ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အရောင်းပြပွဲတွင် မိမိတို့ စိတ်ကြိုက်ဈေးဖြင့် ရောင်းချခွင့်ပြုထားသည်။
သာယာလှပမေမြို့အလှ ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပြပွဲကို ပြင်ဦးလွင်မြိ့ ကန်တော်လေးအနီး၊ ဂန္ဓမာမြိုင်ဟိုတယ်တွင် ဒီဇင်ဘာ၂၉ ရက်မှ ၃၁ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment