Thursday, December 1, 2016

နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်ပေးဆောင်မှုရှောင်ရှားရေးသဘောတူစာချုပ် ပြင်ဆင်ရေးဆွဲနိုင်ရေးနှင့် စင်ကာပူလေကြောင်းလိုင်း စမ်းသပ်ပြေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး



The Mirror Daily's photo.
စင်ကာပူ နိုဝင်ဘာ ၃ဝ
စင်ကာပူနိုင်ငံတွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာကရစ်ရှ်နန်၊ စင်ကာပူနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ လင်မ်ဟန့်ခိုင်နှင့် တာဝန်ရှိသူများ၊ စင်ကာပူနိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။
ဂုဏ်ပြုကြိုဆို
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။
ဂုဏ်ပြုတပ်ဖွဲ့စစ်ဆေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် စင်ကာပူနှင့်မြန်မာ နှစ်နိုင်ငံအကြား စင်ကာပူ-မြန်မာ အသက်မွေးပညာသင်ကျောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား သုံးနှစ် သက်တမ်း တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုးနိုင် ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ စတင်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် အခွန်နှစ်ထပ်ပေးဆောင်မှု ရှောင်ရှားရေး သဘောတူစာချုပ်အား ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရေးနှင့် စင်ကာပူလေကြောင်းလိုင်းအား ပျံသန်းမှုရာသီတစ်ခုအတွက် ခြောက်လခန့် စမ်းသပ်ပြေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment