Thursday, December 1, 2016

အလားအလာကောင်းများတည်ဆောက်



Image may contain: text
လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတပေါများသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးစနိုင်ငံ တစ်နိုင်ငံအဖြစ် စတင်လျှောက်လှမ်းသောအခါတွင် ရေရှည်တည်တံ့ပြီး ခံနိုင်ရည်ရှိကာ စနစ်ကျပြီးအလုံးစုံပါဝင်နိုင်သော ညီညွတ်မျှတသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အလားအလာကောင်းများစွာ မြန်မာနိုင်ငံတွင် တည်ရှိနေပါသည်။

ယင်းမှာ အစိမ်းရောင်စီးပွားရေးဟုခေါ်ဆိုသည့် သဘာဝအရင်းအမြစ်များကိုအခြေခံကာ အကောင်အထည်ဖော်ဆောင်ရွက်သော လုပ်ငန်းများဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထူးခြားသည့်အခွင့်အလမ်းကောင်းများရှိနေပြီး ထိုအခွင့်အလမ်းများကို ထိထိရောက်ရောက်အသုံးချနိုင်ပါက အနာဂတ်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်များဖြစ်ပါသည်။
ထိုအခွင့်အလမ်းကောင်းများကို နိုင်ငံတော်၏ရှေ့ဆက်ဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေးကူးပြောင်းဆောင်ရွက်မှု နည်းလမ်းများအဖြစ် ဖော်ညွှန်းထားသလို ¤င်းတို့နှင့်ပတ်သက်ဆက်နွှယ်သည့် စိန်ခေါ်မှုများကိုလည်း ညွှန်ပြထားသဖြင့် နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးပွဲရလဒ်များမှတစ်ဆင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါသည်။
နည်းလမ်းများအနေဖြင့် စွမ်းအင်အသစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အချိန်ကာလသတ်မှတ်ချက်နှင့်အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုနိုင်ရေးအတွက် ရည်မှန်းချက် ပန်းတိုင်များချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းတို့ပါဝင်သည်။
ထို့အပြင် စားသုံးမှုနှင့်ထုတ်လုပ်မှုပုံစံဆိုင်ရာ အပြုအမူနှင့်အလေ့အကျင့်ကောင်းများ ပြောင်းလဲခြင်း၊ စွန့်ပစ်ပစ္စည်းများကို အရင်းအမြစ် တစ်ခုအဖြစ် အလေးထားစဉ်းစားရမည့် အခြေခံသဘောတရားများ ပြောင်းလဲခြင်း၊ ဆန်းသစ်တီထွင်မှုများကို အထောက်အပံ့ဖြစ်စေမည့် စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာယန္တရား များဖန်တီးခြင်း၊ အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးမြှင့်တင်ခြင်းတို့ကို ဖော်ညွှန်းထားသည်။
စိန်ခေါ်မှုအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လာနိုင်မှုနှင့် ခံစားရမှုများ၊ ထိခိုက်မှုများကိုဖြစ်စေသော ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ် ယိုယွင်းပျက်စီးစေမှုများဖြစ်ပြီး ယင်းကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် အောင်ြမင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ နိုင်ငံတကာနှင့်ပူးပေါင်းဆောင် ရွက်ရန်အတွက် အမျိုးသားစွမ်းဆောင်ရည်များကို မြှင့်တင်သွားရန် အရေးကြီးသည်။
ဦးစားပေးကိစ္စရပ်များအဖြစ် ဆင်းရဲမှုလျှော့ချရန်နှင့် ငတ်မွတ်ခေါင်းပါးမှုတားဆီးရန်၊ ကလေးသူငယ်များ အာဟာရချို့တဲ့မှုနှင့် ဖွံ့ဖြိုးမှု နိမ့်ကျနေမှု ပပျောက်ရန်၊ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်၊ အရည်အသွေးပြည့်မီသည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးရန်၊ သဘာဝဘေး အန္တရာယ်များနှင့် အခြားသောဦးစားပေး ကိစ္စရပ်များကို လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်ပေးရန်တို့ဖြစ်သည်။
ယင်းတို့သည် ပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအတွင်း အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ရန် ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်မှပေါ်ထွက်လာမည့် အကြံဉာဏ်များ၊ ပံ့ပိုးဆောင်ရွက်ရမည့် အချက်အလက်များအဖြစ် ရရှိလာမည်ဖြစ်သည်။
ထို့ကြောင့် ကောင်းမွန်သောအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ရန်အတွက် ငါးကြိမ်မြောက် အဖြေရှာထွက်ပေါ်လာသည့် ရလဒ်ကောင်းများကို မူဝါဒများ၊ မဟာဗျူဟာများ၊ ဘဏ္ဍာရေးများ၊ နည်းပညာများ၊ အကောင်းဆုံး စီမံခန့်ခွဲမှုများ၊ စွမ်းဆောင်ရည်များ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment