Friday, December 2, 2016

ပြည်ပသကြားဈေးကွက်ကောင်းမွန်လာ၍ ကြံတစ်တန်ဈေးနှုန်း ၅၅ဝဝဝ အထိတိုးမြှင့်ဝယ်ယူလာ



Image may contain: sky and outdoor
ရေတာရှည် ဒီဇင်ဘာ ၁
အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံ ကြံစိုက်ပျိုးထုတ်လုပ်မှုလျော့ကျလာပြီး ပြည်ပသကြားဈေးကွက်ကောင်းမွန်မှုကြောင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ကြံစိုက်ပျိုးသူတောင်သူများထံမှ ၂ဝ၁၆-၂ဝ၁၇ ကြံရာသီ၌ စက်ရုံအရောက် တစ်တန်လျှင် ၅၅ဝဝဝ ဈေးနှုန်းဖြင့် စတင်ဝယ်ယူနေပြီဖြစ်ကြောင်းသိရသည်။
''ကြံစိုက်ပျိုးတဲ့တောင်သူတွေအတွက် မထင်မှတ်တဲ့ဈေးနှုန်းဖြစ်လာတာ ဝမ်းသာပါတယ်။ ဒီနှစ်က စပါးဈေး၊ ပဲဈေးတွေမကောင်းပေမယ့် အခုကြံဈေးနှုန်းကောင်းလာတဲ့အတွက် တောင်သူတွေ အဆင်ပြေမှာပါ'' ဟု ရေတာရှည် အမှတ် (၆) သကြားစက် စက်ရုံမှူး ဦးစိန်လှိုင်က ပြောသည်။
လက်ရှိ စက်ရုံနယ်တွင် စိုက်ပျိုးသည့်ဧက ၂၆၈ဝ ဒသမ ၅ ရှိပြီး အခြားသောဒေသများကပါ စက်ရုံသို့လာရောက်ရောင်းချလျက်ရှိ၍ စက်ရုံအနေဖြင့် ဇန်နဝါရီလကုန်အထိ လည်ပတ်နိုင်မည်ဖြစ်ပြီး ကြံရောင်းချသည့် တောင်သူများအား ကြံချပြီးသည်နှင့် ချက်ချင်းငွေပေးချေနိုင်၍ အခြားသောစက်ရုံများထက် အားသာမှုများရှိကြောင်း စက်ရုံမှူးကဆက်လက်ပြောကြားသည်။ ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် တစ်ဧကပျှမ်းမျှထွက်နှုန်း တန် ၃ဝ နှင့်အထက်ထွက်ရှိနိုင်ပြီး ငွေကြေးအနေဖြင့် ၁၆ သိန်းကျော်ဝင်ငွေရရှိနိုင်မည်ဖြစ်ရာ စပါးသီးထပ်သီးညှပ်စိုက်ပျိုးခြင်းထက် ဈေးနှုန်းပိုမိုရရှိနိုင်မည်ဖြစ်သည်။''ကျွန်မတို့အစကသိထားတာ စက်ရုံအရောက်ဈေးနှုန်း ၄ဝဝဝဝ လို့သိရတယ်။ အခုကြံရောင်းတော့မှ တစ်တန်ကို ၅၅ဝဝဝ အထိ ဈေးနှုန်းတိုးပေးတာတွေ့တော့ တောင်သူအနေနဲ့ ခုတ်ခ၊ တိုက်ခ အလွတ် ၄ဝဝဝဝ အသားတင်ကျန်ပါတယ်'' ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာကျေးရွာနေ ကြံတောင်သူဒေါ်အေးကြင်က ပြောသည်။ ယခုနှစ်ဈေးနှုန်းအရ ကြံစိုက်ပျိုးနိုင်သည့်တောင်သူများအား ကြံမျိုးစရိတ်ချေးငွေများ ပေးအပ်ရန်စီစဉ်လျက်ရှိပြီး ရှေ့နှစ်တွင် ကြံစိုက်ပျိုးသူ ပိုမိုများပြားလာဖွယ်ရှိနေကြောင်း ခန့်မှန်းမှုများရှိနေသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment