Saturday, December 31, 2016

နီးနီးကပ်ကပ်နဲ့သင်ကြားပေးတဲ့အတွက် စည်းကမ်းတကျနဲ့ တကယ့်ကို ကင်းထောက်ကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ချက်တွေဖြစ်ပေါ်လာပါတယ်



Image may contain: 1 person, eyeglasses
မြန်မာ-ဂျပန် ကင်းထောက်အမျိုးသမီး အဖွဲ့တို့ ပူးပေါင်းပြီး စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်းကို နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက် အထိ စခန်းချလေ့ကျင့်သင်ကြားခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပြီး စခန်းတွင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုရရှိရေး၊ ကင်းထောက်ပညာ ဖလှယ်နိုင်ရေး၊ တောတွင်းစခန်းချ အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုများ လေ့လာရေးတို့ကို ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
ယင်းစခန်းတွင် ဦးစီးဆောင်ရွက် လျက်ရှိသည့် တာဝန်ရှိသူများနှင့် ကင်းထောက်မယ်တို့၏ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုက်ရပါသည်။
ဒေါက်တာဒေါ်တင်လှကြည်
မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်ချုပ်

ဒီစခန်းချသင်တန်းမှာ ဂျပန်က ကင်းထောက်အမျိုးသမီး ၄၁ ယောက် နဲ့ ကျွန်မတို့ဆီက ၉၂ ယောက်ပါတယ်။ သင်ပေးတာကတော့ ဂျပန်တွေ အနေနဲ့က ကျွန်မတို့ကို ကျန်းမာသန်စွမ်းမှုကို ဦးစားပေးတယ်။ ဒီသင်တန်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေလည်း သင်ရပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက် ကလေးတွေကို နည်းမျိုးစုံနဲ့ ကစားနည်းလေးတွေ လုပ်ပေးတယ်။ ဒီလိုကစားရင်းနဲ့ တစ်ဦးနဲ့တစ်ဦး သည်းခံစိတ်တွေ၊ ခင်မင်စိတ်တွေပေါ်လာမယ်။ အတူတကွ လုပ်ဆောင်တတ်တဲ့ စိတ်လေး တွေပေါ်လာမယ်။ ဂျပန်နဲ့ မြန်မာ ဖြစ်တဲ့အတွက် ဘာသာစကားပိုင်းမှာတော့ အားနည်းပါတယ်။ ဒါပေမယ့် ချစ်ခင်ရင်းနှီးမှုနဲ့တင် အဆင်ပြေနေတယ်။ အဘက်ဘက်က ပံ့ပိုးမှု အားပေးမှုကြောင့်လည်း မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ဟာ ရှင်သန်နေပြီ ဖြစ်ပါတယ်။
Ms.Kuniko Tatamitani
Chief Executive Organizer 
ဂျပန်နိုင်ငံအိုဆာကာအမျိုးသမီးကင်းထောက်အဖွဲ့

ကျွန်မက ဂျပန်နိုင်ငံ အိုဆာကာက လာတာပါ။ အခုတော့ ဒီ Camp မှာ ဂျပန်အဖွဲ့ရဲ့ တာဝန်ခံဒါရိုက်တာ အနေနဲ့လာခဲ့တာပါ။ ကျွန်မတို့ ဂျပန်အမျိုးသမီး ကင်းထောက်မယ်တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီး ကင်းထောက်မယ်တွေ ပူးပေါင်းပြီးတော့ အသိပညာဖလှယ်မယ်၊ ယဉ်ကျေးမှု ဖလှယ်မယ်၊ အသိပညာ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ပြီးတော့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားတဲ့ ဆောင်ရွက်ချက်တွေထဲမှာ ကမ္ဘာကြီးကိုလည်း ငြိမ်းချမ်းစေချင်တယ်။ အဓိကကတော့ ငြိမ်းချမ်းရေးဆီကို ဦးတည်ပြီး လှုပ်ရှားဆောင်ရွက်တာ ဖြစ်ပါတယ်။
ကျွန်မတို့က မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လာခဲ့ပါတယ်။ အဲဒီတုန်းကဆိုရင် အခုနဲ့ မတူပါဘူး။ ဆယ်နှစ်အတောအတွင်းမှာ နှစ်တိုင်း နှစ်တိုင်းလာရင်းလာရင်းနဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ရင်းနှီးမှုကိုရရှိပြီး မြန်မာနိုင်ငံကို ပိုပြီးချစ်ခင်နှစ်သက်လာပါတယ်။
နောက်နှစ်နှစ်ကြာရင် ကျွန်မတို့ ဂျပန်ကင်းထောက်အဖွဲ့ရဲ့ နှစ် (၇ဝ)မြောက် ဖြစ်ပါတယ်။ အဲဒီအခါကျရင် မြန်မာနိုင်ငံရဲ့ ကင်းထောက်ငယ်လေး တွေကို ဖိတ်ခေါ်ဖို့ အစီအစဉ်ရှိပါတယ်။
မအေးစန္ဒာအောင် 
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် တတိယနှစ်ကျောင်းသူ

ဂျပန် ကင်းထောက်မယ်တွေက အလွန်ကို စည်းစနစ်ကျပါတယ်။ သူတို့အနေနဲ့ အကုန်လုံးကို သေချာ စနစ်တကျ လုပ်ထားကိုင်ထားတာတွေ့ ရတယ်။ သူတို့အချင်းချင်းစည်းစည်း လုံးလုံးနဲ့ လုပ်ဆောင်သွားတာတွေ တွေ့ရတဲ့အတွက်ကြောင့် သမီးတို့ မြန်မာကင်းထောက်မယ်တွေ အများကြီး ဗဟုသုတတွေရပါတယ်။ သူတို့ တွေက ဖိဖိစီးစီးနဲ့ မသိတာ၊ မတတ် တာကိုသင်ပေးတယ်။ သမီးတို့ ကင်းထောက်အဖွဲ့တွေကို နီးနီး ကပ်ကပ်နဲ့ သင်ကြားပေးတဲ့အတွက် စည်းကမ်းတကျနဲ့ တကယ့်ကို ကင်းထောက်ကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ချက်တွေဖြစ်ပေါ်လာပါတယ်။
ဒေါ်ခင်စောဥမ္မာ 
ဒုတိယကင်းထောက်ချုပ်

နိုင်ငံတကာ Camp က ဒါနဲ့ဆို (၄)ကြိမ်မြောက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ကလေးတွေနဲ့ ကျွန်မတို့ဆီ က ကလေးတွေ ကင်းထောက်အဖွဲ့ အလိုက်ပူးပေါင်းပြီး အတူနေခွင့်ရတယ်။ အဲဒီလို အတူနေခွင့်ရတဲ့အတွက် ရင်းနှီးခင်မင်မှုရတယ်။ ဘာသာစကား ဖလှယ်လို့ရတယ်။ ယဉ်ကျေးမှု ဖလှယ်လို့ရတယ်။ ကင်းထောက်ကိစ္စတွေကို မျှဝေလို့ ရတယ်။
မျိုးမြင့် (သတင်းစဉ်)

No comments:

Post a Comment