Friday, December 2, 2016

၂ဝ၂၅ အာဆီယံ လူမှုရေးယဉ်ကျေးမှုအသိုက်အဝန်း မျှော်မှန်းချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေး

Image may contain: 3 people , table, indoor and text
နေပြည်တော် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံ အာဆီယံလူမှုရေး ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီမှ ကြီးမှူးကျင်းပသည့် ၂ဝ၂၅ အာဆီယံ လူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်း မျှော်မှန်းချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီ ခွဲက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည် တော်)အဆောင်(ဃ)၌် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေးယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့် အမှာစကား ပြောကြားရာတွင် အာဆီယံ လူမှုရေးယဉ်ကျေးမှုအသိုက် အဝန်းမဏ္ဍိုင်အနေဖြင့် ပြည်သူများ၏ ချမ်းသာသုခရရှိရေး၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် သက်သာ ချောင်ချိရေးဆိုင်ရာ သဟဇာတ ဖြစ်စေခြင်းကို ရှေးရှုသော စာနာ ထောက်ထား၍ မျှဝေခံစားနိုင်သည့် လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို ပိုမိုအလေးထားသော မဏ္ဍိုင်ဖြစ်ကြောင်း၊ တူညီသည့်စရိုက် လက္ခဏာများကို တိုးတက်ဖြစ်ထွန်းစေ ခြင်းဖြင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း၏ အဓိက ပန်းတိုင်ဖြစ်သော အာဆီယံဒေသရှိ နိုင်ငံများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေမည်ဖြစ်ပါကြောင်း၊ အာဆီယံ အသင်းကြီးက မျှော်မှန်းထားသည့် ၂ဝ၂၅ ခုနှစ်မှာ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူတို့ အကျိုးဖြစ်ထွန်းစေမည့် ပြည်သူများ ပါဝင်ပတ်သက်မှုရှိပြီး ရေရှည် တည်တံ့ခိုင်မြဲသော ခံနိုင်ရည်ပြည့်ဝသည့် သွက်လက်တက်ကြွသော အသိုက်အဝန်း ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းအစီအစဉ်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ဘာသာရပ် ဆိုင်ရာများ ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အာဆီယံလူမှုရေးယဉ်ကျေးမှုအသိုက် အဝန်းကောင်စီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းက ဆက်စပ်ဝန်ကြီးဌာန များ၏ ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment