Friday, December 2, 2016

သားသမီးများကို မိမိနိုင်ငံအပေါ် မေ့လျော့မသွားစေရန်၊ နိုင်ငံချစ်စိတ်ဖြင့်ပြုစုပျိုးထောင်ကြရန် စင်ကာပူရောက် မြန်မာများအားမှာကြား


The Mirror Daily's photo.
The Mirror Daily's photo.
စင်ကာပူ ဒီဇင်ဘာ ၁
စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီတွင် ခေတ္တတည်းခိုရာ ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်နှင့် အလုပ်သဘော နံနက်စာစားပွဲတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာ ကရစ်ရှ်နန်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့လည်း တက်ရောက်ကြသည်။
ယင်းသို့တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ အမျိုးသားသစ်ခွဥယျာဉ်သို့ ရောက်ရှိကြပြီး သစ်ခွအမည်ပေးအခမ်းအနားသို့ တက်ရောက်ရာ အမျိုးသားသစ်ခွဥယျာဉ် အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိ သူများက သစ်ခွဥယျာဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အမျိုးသားသစ်ခွဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ သစ်ခွမျိုးစိတ်သစ်၏ ဂုဏ်ပြုအမည်မှာ Papilionanda Aung San Suu Kyi ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ အလည်အပတ်လာရောက်ကြသည့် နိုင်ငံခေါင်းဆောင်များအား ဂုဏ်ပြုသောအားဖြင့် သစ်ခွပန်းများအား အမှတ်တရအမည်ပေး စိုက်ပျိုး ထိန်းသိမ်းမှုကို ၁၉၅၆ ခုနှစ်မှစတင်ပြီး National Orchid Garden တွင် အစဉ်အလာတစ်ရပ်အဖြစ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် သမ္မတအိမ်တော်သို့ ရောက်ရှိကြပြီး စင်ကာပူနိုင်ငံ ခေတ္တသမ္မတ မစ္စတာ ဂျိုးဆက်ပ် ယူဗာရတ်ဂ်ျ ပီးလေးနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူဦးရေနှင့် စီးပွားရေးအခြေအနေနှင့် ဘက်စုံ ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး မစ္စတာတိုချီဟင်းန်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ အကျင့်ပျက် လာဘ်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူး မစ္စတာဝုန်ဟုန်ကွမ်နှင့် တာဝန်ရှိသူ များက အဆိုပါဌာန၏ ဖွဲ့စည်းပုံနှင့် နောက်ခံသမိုင်းကြောင်း၊ လုပ်ငန်း ဆောင်ရွက်ချက်၊ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိလိုသည် များကို မေးမြန်းသည်။
စင်ကာပူနိုင်ငံ အစိုးရအဖွဲ့နှင့် အစိုးရရုံးများသည် ပွင့်လင်းမြင်သာမှု ရှိပြီး အဂတိလိုက်စားမှုတွင် အနိမ့်ဆုံး ဖြစ်ကြောင်း၊ Transparency International ၏ ၂ဝ၁၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် စင်ကာပူနိုင်ငံမှ အဆင့်(၈)နေရာတွင်ရှိသည့်အတွက် အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုများမှာ အဖွဲ့အစည်းပုံစံ မဟုတ်ဘဲ သီးခြားအဖြစ်အပျက်များ အနေဖြင့်သာတွေ့ရကြောင်း၊ တိုင်ကြားမှုများ၏ ၇၅ ရာခိုင်နှုန်းမှာ တစ် သီးပုဂ္ဂလတိုင်ကြားမှုများဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း တိုင်ကြားမှု ၁၁ မှုသာ ရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ထိရောက်အောင်မြင်မှုမှာ အစိုးရ၏ ထိရောက်စွာ အရေးယူကိုင် တွယ်ခြင်း၊ ထိရောက်သည့်ဥပဒေရှိပြီး ဥပဒေကို တိကျစွာလိုက်နာကျင့်သုံး မှုရှိခြင်း၊ လွတ်လပ်သော တရားစီရင်မှု ရှိခြင်းနှင့် ပြည်သူများက ပူးပေါင်း ပါဝင်မှုရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် Singapore's Asian Civili-zation Museum သို့ ရောက်ရှိကြပြီး မြို့တော်များနှင့် ဘုရင်များ ''မြန်မာ နိုင်ငံမှ ရှေးဟောင်းရတနာများ'' ပြခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Singapore's Asian Civilization Museum မှ ဒါရိုက်တာဖြစ်သူ မစ္စတာ ကင်န်နီ တင်၊ စင်ကာပူနိုင်ငံ လူမှုအသိုက် အဝန်း၊ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာ ဝန်ကြီး မစ္စစ်ဂရေ့စ်ဖူနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့သည် ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ဗီနိုင်းပေါ်တွင် လက်မှတ်ရေးထိုးပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူ နိုင်ငံရှိ မြန်မာသံရုံးသို့ရောက်ရှိပြီး မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းမိသားစု များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီး ဦးဌေးအောင်က စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ သမိုင်းကြောင်းနှင့် လက်ရှိအချိန်အထိ ထိန်းသိမ်းစောင့် ရှောက်ထားရှိမှု အခြေအနေများ၊ စင်ကာပူရောက် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင် တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Jurong East သို့ ရောက်ရှိကြပြီး စင်ကာပူ နိုင်ငံရောက် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ၌ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံသားများ၏ တာဝန်ကျေပွန်မှု၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ငန်းရည်ရွယ်ချက်များ တွင် အဓိကကျသည့် အချက်ကြီး နှစ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ။
ပြည်သူပြည်သားများ တစ်ယောက် ချင်းစီ၏ အင်အားများသည် မိမိ နိုင်ငံ၏ စွမ်းအားဖြစ်သည့်အတွက် မိမိကိုယ်ကို အင်အားရှိအောင် ကြိုးပမ်းစေလိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့်အရည်အချင်းဖြင့် တိုးတက်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိရောက်ရှိ နေသည့် နိုင်ငံပေါ်မူတည်၍ အကောင်း ဆုံးသော အခြေအနေကောင်းများ ရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့မွေးမြူထားသည့် သားသမီးများကို မိမိနိုင်ငံအပေါ် မေ့လျော့မသွားစေရန်၊ နိုင်ငံချစ် စိတ်ဖြင့် ပြုစုပျိုးထောင်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း ။
သမိုင်းတစ်လျှောက်လုံးတွင် ညီညီ ညွတ်ညွတ်ဆောင်ရွက်ခဲ့သည့်ကိစ္စ တိုင်း၌ အောင်မြင်မှုရရှိခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသား အားလုံးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းကာ တက်ညီလက်ညီ ဆောင်ရွက်သွား ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက် ရောက်လာကြသူများကိုယ်စား မြန်မာ ကလပ် (စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာ မြတ်မော်ထွန်းက မေးခွန်းများကို မေးမြန်းရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment