Friday, December 2, 2016

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများထိရောက်စွာအကောင်အထည်ဖော်



ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၃ သန်း ချေးငွေရယူရန်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဂျပန်ယန်း ၉၃၉၇ဝ သန်း ချေးယူ ရန်ကိစ္စတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါချေးငွေများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုများကိုရယူကာ ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်ကောင်းများဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည်။
ကိုရီးယားနိုင်ငံမှချေးငွေသည် သက်သာသောချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်အပါအဝင် စုစုပေါင်း နှစ် ၄ဝ ဖွံ့ဖြိုးမှုချေးငွေ ဖြစ်သည်။ အဆိုပါချေးငွေသည် တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးသောငွေဖြစ်ပြီး သက်ဆိုင်ရာဌာနက စီမံကိန်းချေးငွေ ဆိုင်းငံ့ကာလအတွင်း တွံတေးတူးမြောင်းစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး တူးမြောင်းဖွံ့ဖြိုးတိုးတက်မှု မှ ပြန်လည်ရငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်း၍ အချိန်မီပြန် လည်ပေးဆပ်ရမည်ဖြစ်သည်။
ဂျပန်နိုင်ငံမှ ချေးငွေများသည် ဆိုင်းငံ့ကာလအပါအဝင် ပြန်လည်ပေးဆပ်ရမည့်ကာလမှာ နှစ် ၄ဝ ဖြစ်သည်။ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍစီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး လယ်ယာကဏ္ဍနှင့်ကျေးလက်ဒေသဖွံ့ ဖြိုးရေး၊ အလုပ်အကိုင်ရရှိ ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဒေသများ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီဘဏ်လုပ်ငန်းဖြင့် နိုင်ငံ့စီးပွား တည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုစေမည့် စီမံကိန်းများဖြစ်သည်။
ထို့အပြင် လမ်းတံတားများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးမှု စီမံကန်းများကိုပါ ဆောင်ရွက်သွား မည်ဖြစ်ပြီး မမျှော်မှန်းနိုင်သော စရိတ်မပါချေးငွေများကိုရယူ၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးသောကျေးရွာများ ဓာတ်အားရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများလည်းပါဝင်ပြီး စီမံကိန်းလုပ်ငန်းများကို ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်စည်နှင့်ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အပါ အဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်သည်။
မျက်မှောက်ကာလကဲ့သို့ စိန်ခေါ်မှုများစွာကြုံတွေ့နေရသော အချိန်တွင် အစိုးရသစ်အနေဖြင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားလွန် မြောက်ပြီး နိုင်ငံနှင့်ပြည်သူဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိတ်ဆွေနိုင်ငံ များ၏ အကူအညီချေးငွေများနှင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် ထူးခြားသည့်အခွင့်အလမ်းကောင်းများ ဖြစ် သည်ဟု ဆိုရမည်ဖြစ်သည်။
ရရှိလာသည့်အခွင့်အလမ်းကောင်းများကို ထိထိရောက်ရောက် အသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကိုရှေးရှု ၍ စီမံကိန်းများအောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းပါသည်။ ။

No comments:

Post a Comment