Saturday, December 3, 2016

ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုခိုင်မာစွာချည်နှောင်သည်ကို ပြသည့်အနေဖြင့် (၅၅)နှစ်မြောက်အထိမ်းအမှတ် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၂
''မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကာလရှည်ကြာ မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံရှိ ပြည်သူများကြားတွင်လည်း ကာလကြာရှည်စွာ မိတ်ဆွေများအဖြစ် ရပ်တည်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး တစ်လအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့ကြောင်း၊ မြန်မာ ပြည်သူများသည်လည်း ပြင်သစ်ပြည်သူများနည်းတူ ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် မိတ်ဖက်ဆက်ဆံရေးကို အစဉ်အမြဲတန်ဖိုးထားပါကြောင်း'' ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ပြင်သစ်-မြန်မာယဉ်ကျေးမှုဖလှယ်ခြင်း (၅၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ဝါးတန်း ဆိပ်ကမ်း၌ကျင်းပသည့် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတက အစိုးရသစ်တာဝန်ယူ ပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Mr. Jean-Marc Ayrault မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးစားလုပ်ဆောင်နေသည်များကို ပြင်သစ်နိုင်ငံအနေဖြင့် အကူအညီများပေးသွားမည်ဟု ပြောကြားခဲ့ပါကြောင်း၊ ယဉ်ကျေးမှု အပါအဝင် နယ်ပယ်အသီးသီးတွင် ပြင်သစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်နေသည်ကို မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်း။
ယနေ့ကျင်းပသည့် ပွဲတော်သည်လည်း ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုခိုင်မာစွာချည်နှောင်သည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတကာအဆင့်မီ အနုပညာမျိုးစုံပါဝင်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ပြင်သစ်နှင့် မြန်မာအနုပညာ ဖလှယ်ရာ တစ်ခုတည်းသော စင်မြင့်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြင်သစ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး (၅၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ယနေ့ ပွဲတော်သည် အဓိပ္ပာယ်ပြည့်ဝသည်ဟု ယုံကြည်ပါကြောင်း၊ တည်ရှိပြီးဖြစ်သည့် ပေါင်းသင်းဆက်နွှယ်မှုများသည်လည်း လာမည့်နှစ်များတွင် ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့အတူ ဒုတိယသမ္မတက ပြင်သစ်နိုင်ငံနှင့် ဆက်လက်၍ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ထို့ပြင် စီးပွားရေး၊ ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးများလည်း ပိုမိုတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍစုံအသီးသီးတွင် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာအောင် ကြိုးပမ်းအားထုတ်ပေးနေသည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard က အမှာစကားပြောကြားသည်။
ယင်းနောက် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးအုန်းမောင်၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့် ဦးကျော်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Gautier MIGMOT နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို မြို့၏အချက်အချာကျသောနေရာများ၌ အနုပညာနှင့် ကဗျာဆန်ဆန် တင်ဆက်မှုများကိုပြုလုပ်၍ မြို့သူမြို့သားများထံ ၎င်းတို့မြို့ကို ပြန်လည်ဆောင်ကြဉ်းပေးခြင်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၏ အရေးကြီးသောအချက်ဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် နိုင်ငံခြားကမ္ဘာလှည့်ခရီးသွားများဖိတ်ခေါ်၍ နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း၊ မြို့ပြနှင့်ပတ်သက်သော သတိရှိသင့်သည့် အကြောင်းအရာများအပါအဝင် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ၊ မြေနီကုန်းခုံးကျော်တံတားနှင့် ပြည်သူ့ရင်ပြင်တို့၌ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း L'Homme Debout အဖွဲ့က ဖန်တီးသော အမြင့်ပေ၂ဝ ဝန်းကျင်ရှိ ဝါးဖြင့်ရက်လုပ်ထားသော ရုပ်သေးရုပ်ကြီး နှစ်ခုကို ရန်ကုန်မြို့အတွင်း မြို့သူမြို့သားများ ခြံရံ၍ စီတန်းလှည့်လည် သရုပ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လှည့်လည်ပွဲတစ်လျှောက် ပြင်သစ်-မြန်မာ အနုပညာရှင် ၁ဝဝ ကျော်က ဆပ်ကပ်နှင့် တေးဂီတပွဲများ၊ အနုပညာတင်ဆက်မှုများ၊ video mapping စသည့် ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် မြို့တော်ခန်းမနှင့် ပြည်သူ့ရင်ပြင်တို့၌ အနုပညာတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဒီဇင်ဘာ ၄ ရက်တွင် ပြည်သူ့ရင်ပြင်၌ မီးရှူး၊ မီးပန်းများ ပစ်ဖောက်ကာ ပိတ်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်သည်။
မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Gautier MIGMOT ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Olivier Richard ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများတက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment