Saturday, December 3, 2016

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ကာ အမြင်သဘောထားများရယူ၍ လေ့လာသုံးသပ်မှုများပြုလုပ်လျက်ရှိ



Image may contain: 3 people , indoor
စစ်တွေ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်မြို့မှထွက်ခွာပြီး နံနက် ၈ နာရီ ၂၅ မိနစ်တွင် စစ်တွေမြို့သို့ ရောက်ရှိသည်။
အဆိုပါ ကော်မရှင်အဖွဲ့သည် နံနက် ၁ဝ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ကော်မရှင်အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ရခိုင်လူမှု အဖွဲ့အစည်းများမှ ၁ဝ ဦးနှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် သက်ကယ်ပြင်ကယ်ဆယ်ရေးစခန်းမှ အစ္စလာမ်ဘာသာဝင် လေးဦးနှင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် ရေလုပ်ငန်းမိတ်ဖက်အဖွဲ့၊ ရခိုင်သဟာယအသင်း၊ အာရက္ခဖောင်ဒေးရှင်းတို့မှ အဖွဲ့ဝင် ၁ဝ ဦးနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။
ညနေပိုင်းတွင် ကိုဖီအာနန်သည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်အရေး၊ သွားရောက်မည့်နေရာများနှင့် အကြံပေးကော်မရှင် ဆောင်ရွက်မည့်လုပ်ငန်းများမေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
ယင်းနောက် ကိုဖီအာနန် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေမြို့ အထင်ကရနေရာများဖြစ်သည့် ဗုဒ္ဒေါမော်နတ်နန်းနှင့် ဗျူးပွိုင့်တို့ကို သွားရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့်အရေးကိစ္စများကို ဖြေရှင်းပေးနိုင်ရန်နှင့် အကောင်းဆုံးနည်းလမ်းများ ရှာဖွေရန် အတွက် ပါဝင်သက်ဆိုင်သူများနှင့် လည်းကောင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့်လည်းကောင်း၊ နိုင်ငံတကာမှအရေးပါသည့် ပုဂ္ဂိုလ်များနှင့်လည်ကောင်း တွေ့ဆုံဆွေးနွေးကာ အမြင်သဘောထားများရယူ၍ လေ့လာသုံးသပ်မှုများကို ပြုလုပ်လျက်ရှိသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ မစ္စတာ ဂါဆင်ဆလင်၊ မစ္စလက်တီတီ ရာဗန်ဒန် အာဆမ်၊ ဦးအေးလွင်၊ ဒေါက်တာမြသီတာ၊ ဦးခင်မောင်လေး၊ ဒေါ်စောခင်တင့်တို့နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းတို့လည်း လိုက်ပါလာကြသည်။
ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် ကိုယ်စားလှယ်များသည် မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment