Tuesday, December 27, 2016

နျူကလီးယားလက်နက်ထိပ်ဖူးသယ်ဆောင်နိုင်သည့် အဂ္ဂနိ-၅ ဒုံးကျည် အိန္ဒိယက စမ်းသပ်ပစ်ခတ်မှုအောင်မြင်

Image may contain: cloud
နယူးဒေလီ ဒီဇင်ဘာ ၂၆
အိန္ဒိယတပ်မတော်သည် မြေပြင်မှ ဝေဟင်သို့ တာဝေးပစ်ခတ်နိုင်ပြီး နျူကလီး ယားလက်နက်ထိပ်ဖူးသယ်ဆောင်နိုင်သည့် အဂ္ဂနိ-၅ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို ဒီဇင်ဘာ ၂၆ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရိဿပြည်နယ်ကမ်းလွန်ရှိ စစ်ဘက်ဆိုင်ရာ ကျွန်းတစ်ကျွန်းမှ အဆိုပါဒုံးကျည်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
ဒုံးကျည် စမ်းသပ်ပစ်ခတ်ခြင်းအောင်မြင်မှုအတွက် အိန္ဒိယသမ္မတ ပရာနပ်မူခါဂျီးနှင့် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့က နိုင်ငံပိုင် ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(ဒီအာရ်ဒီအို)မှ သိပ္ပံပညာရှင်များအား ၄င်းတို့၏ အင်တာ နက်တွစ်တာ စာမျက်နှာများမှတစ်ဆင့် ဂုဏ်ပြုစာသားများ ရေးသားဖော်ပြခဲ့ကြသည်။
အဂ္ဂနိ-၅ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၅ဝဝဝ ကျော် အကွာအဝေးသို့ အလေးချိန်ကီလိုဂရမ် ၁ဝဝဝ အထိရှိသော နျူကလီးယား လက်နက်ထိပ်ဖူးကို တပ်ဆင်ကာ ပစ်ခတ်နိုင်စွမ်းရှိသည်။ အဆိုပါဒုံးကျည်သည် လောင်စာခဲအသုံးပြုသော ဒုံးစက်အမျိုးအစားဖြစ်ပြီး အလျား ၁၇ မီတာရှိကာ အလေးချိန် တန် ၅ဝ ရှိသည်။
ယင်းဒုံးကျည်၏ ပျံသန်းရာ ဝေဟင်လမ်းကြောင်းကို လွယ်ကူစွာ စုံစမ်းထောက်လှမ်းမရနိုင်ဟု သတင်းတွင် ဖော်ပြသည်။
အဂ္ဂနိ-၅ ဒုံးကျည်သည် အဂ္ဂနိ အမျိုးအစားဒုံးကျည်လက်နက်အစီအစဉ်တွင် ပဉ္စမမြောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ခေတ်မီအဆန်းပြားဆုံးလက်နက် ဖြစ်သည်။ ဟင်ဒီဘာသာနှင့် သင်္ကရိုက်ဘာသာတို့အလိုအရ အဂ္ဂနိဟူသည်မှာ ''မီး''ဟု အနက်အဓိပ္ပာယ်ရှိပြီး ၄င်းအမျိုးအစားဒုံးကျည်ကို ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့သည်။
၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်ပစ်ခတ်မှုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment