Saturday, December 31, 2016

အနာဂတ်ကို မျှော်မှန်း၍ ဆောင်ရွက်ကြရမည့်လုပ်ငန်းစဉ်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

တစ်နှစ်ကုန်၍ တစ်နှစ်ဆန်းတော့မည်။ အချိန်ကာလ ရာသီစက်ယ္တရား သည် တစ်ပတ်ပြီးတစ်ပတ် လည်ပတ်ကာ ရွေ့လျားပြောင်းလဲလျက်ရှိသည်။ နှစ်သစ်နှင့် မကြာမီ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြီးကိုလည်း အမြို့မြို့ အနယ်နယ်တွင် ဆင်ယင်ကျင်းပကြဦးမည် ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက်နိုင်ငံဘဝမှ လွတ်မြောက်လာချိန်ကစ၍ မြန်မာ့နိုင်ငံရေး မုန်တိုင်းထန်ခဲ့သည်ကို မိမိတို့အားလုံး သိရှိခဲ့ကြပြီးဖြစ်သည်။ လွတ်လပ် ရေးရပြီးကာလ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးတို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ့်အမျိုးသား၊ ကိုယ့်တိုင်းရင်းသားတို့ စည်းလုံး ညီညွတ်စွာ အားထုတ်ကြိုးပမ်းမှု မပြုနိုင်ခဲ့ကြဘဲ သံသယပွားကာ လက်နက်စွဲကိုင်ခဲ့ကြချိန်မှစ၍ မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းကြောင်း မလှခဲ့သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလည်း နှောင့်နှေးခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ အတိတ်သမိုင်းဟူသည် သင်ခန်းစာယူရန်ဖြစ်သည်။ အတိတ်ကာလထဲမှာပင် တဝဲဝဲလည်နေပါက ပစ္စုပ္ပန်နှင့်အနာဂတ်တို့ ပျောက်ဆုံးရလိမ့်ဦးမည်။ မျက်မှောက်က္ဘာနှင့် မိမိတို့နိုင်ငံ၏ ပစ္စက္ခ အခြေအနေတို့က မိမိတို့အားလုံးစည်းလုံးညီညွတ်ကြဖို့ ပြဆိုနေသည်။ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းတည်းဟူသော နည်းလမ်းဟောင်းကို စွန့်လွှတ်၍ စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းသစ်ဖြင့် အနာဂတ် နိုင်ငံတော်ကြီး တည်ဆောက်သွားရန် အချိန်အခါသို့ ကျရောက်နေပြီ။ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကြီး ဖြစ်ပေါ်လာရေး အတွက် ကြိုးပမ်းဖော်ဆောင်နေဆဲကာလအတွင်း မိမိတို့၏ ပြည်ထောင်စုကြီး မပြိုကွဲသွားစေရေး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား စည်းလုံးညီညွတ်မှုများ မပြိုကွဲသွားစေရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးမခံဘဲ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ စုစည်းမှုအားဖြင့်ပင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရဦးမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဒီမိုကရေစီစံချိန်စံòန်းများနှင့် ကိုက်ညီသော၊ မိမိတို့နိုင်ငံနှင့် သင့်လျော် သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ကိုလည်း မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။ ထို့အပြင်ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော၊ အစဉ်အဆက်မပြတ်တိုးတက်မှုရရှိစေရန် ရည်ရွယ်သောနိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ စီးပွားရေးအခြေ အနေကောင်းများ ရရှိလာစေရေး ဆောင်ရွက်သွားကြရဦးမည်ဖြစ်ရာ အထက်တွင်ဖော်ပြခဲ့သော အချက်များသည် မိမိတို့အားလုံးလက်ငင်း မျက်မှောက် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။
သို့ဖြစ်သည့်အလျောက် မကြာမီကျင်းပမည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များအဖြစ်-
(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံတွင် တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ်ချက်များနှင့်အညီ ဘုံသဘောတူညီချက်တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး။

(၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး။
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံòန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက် ရေး။
(၄) နိုင်ငံတော်၏ စီးပွားရေးမူဝါဒ မျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုး တိုးတက်လာစေမည့် စီးပွားရေးအခြေအနေကောင်းများရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေးဟူ၍ ချမှတ်ထားပြီးဖြစ်ရာ ဦးတည်ချက်(၄)ရပ်
အကောင်အထည်ပေါ် အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု တိုက်တွန်းလိုပါကြောင်း။ ။

No comments:

Post a Comment