Sunday, December 4, 2016

၂ဝ၁၇-၂ဝ၁ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



Image may contain: one or more people
နေပြည်တော် ဒီဇင်ဘာ ၃
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးအမှတ်(၁) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်တစ်နှစ်အတွက် ဘဏ္ဍာငွေများကို တင်ပြ တောင်းခံရာတွင် ဝန်ကြီးဌာနများ အနေဖြင့် မူလစီမံကိန်းခေါင်းစဉ်နှင့် အညီ ခွဲဝေရရှိသည့် ဘတ်ဂျက်အပေါ် အလေအလွင့်မရှိ သုံးစွဲနိုင်ရန် အရေးကြီးကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ပိုလျှင်ပြန်အပ်၊ လိုလျှင်ထပ်မံတောင်းခံ၍ ဆောင်ရွက်နေကြရာ ငွေကြေးလည်ပတ်မှု၊ လုပ်ငန်း လည်ပတ်မှု (Operation Cycle) လျင်မြန်ရေး၊ လုပ်ငန်းများထိရောက် ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် အရေးကြီးကြောင်း။
နိုင်ငံတော်မှ ထည့်ဝင်ငွေများကို လိုအပ်သည့်လုပ်ငန်းများတွင် မှန်မှန်ကန်ကန် မျှမျှတတ လုံလုံလောက်လောက်ဖြင့် အချိန်နှင့်တစ်ပြေးညီ ခွဲဝေချထားပေးနိုင်ရန် စိစစ်ဆောင်ရွက်နိုင်မှ နိုင်ငံတော်၏ မျှော်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာ ငွေခွဲဝေပေးခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများကို အခြေခံလျက် ဝန်ကြီးဌာန၏ မူဝါဒများ၊ ဒေသ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်နှင့် လွှတ်တော်များက ဆုံးဖြတ်သည့် ဦးစားပေးစီမံကိန်းများကိုလည်း ထည့်သွင်းဖော်ပြပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရန် လိုအပ်ကြောင်း။
ရရှိထားသည့် ကိန်းဂဏန်းအချက် အလက်များ၊ ဌာနဆိုင်ရာများမှ တင်ပြလာသည့် အချက်အလက် ကိန်းဂဏန်းများကို အခြေခံ၍ စီမံကိန်းများကို ရေးဆွဲတင်ပြရာတွင် ပကတိမြေပြင် အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ဖြစ်နိုင်ခြေ ရှိ၊ မရှိ သေချာစွာ စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း၊ ပထမအဆင့်အနေဖြင့် စီမံကိန်းနှင့် ဘတ်ဂျက်တစ်ထပ်တည်းကြရန် လိုအပ်ကြောင်း။
လုပ်ငန်းစီမံကိန်းများ၏ အကောင် အထည်ဖော်မှု၊ ငွေကြေးသုံးစွဲမှု၊ သတ် မှတ်အချိန်ကာလအတွင်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှု ရှိ၊မရှိကို စိစစ်ရန်လိုကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှုကို စိစစ်နိုင်ရန်နှင့် ကြီးကြပ်ဆောင်ရွက်နိုင်ရန် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနကို ပြန်လည် ဖွဲ့စည်းနေကြောင်း၊ ၎င်းရုံးများနှင့် ပေါင်းစပ်၍ ပြည့်ဝစွာအကောင် အထည်ဖော်ရန် လိုအပ်ကြောင်း၊နိုင်ငံတော်၏ အောင်မြင်မှုကို ဝန်ထမ်းနှင့် ပြည်သူတို့၏အင်အားဖြင့်တည်ဆောက်ရမည်ဖြစ်၍ မိမိတို့၏လုပ်ငန်းများကိုစွမ်းစွမ်းတမံဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းများ ရေးဆွဲမှု၊ ဘဏ္ဍာငွေခွဲဝေချထားမှုများ နှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကိုမှာကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ပြည်နယ် စီမံကိန်းမှူးများ၊ ရသုံးမှန်းခြေ ငွေစာ ရင်းဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment