Sunday, December 4, 2016

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော် တတိယနေ့ ဆက်လက်ကျင်းပ



Image may contain: 4 people , people standing, wedding and indoor
ရန်ကုန် ဒီဇင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲတော် တတိယနေ့ကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်အားပေးသည်။
စာတမ်းဖတ်ပွဲ နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ဒေါက်တာကျော်ဝင်း၊ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)နှင့် ဦးကျော်နိုင်(ထက်မြက်)တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဒေါက်တာကျော်ဝင်းက စာတမ်းရှင် ဦးအောင်မြင့်ဦး(အောင်မြင့်ဦး-မဟာဝိဇ္ဇာ)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးအောင်မြင့်ဦး (အောင်မြင့်ဦး- မဟာဝိဇ္ဇာ)က ''အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ပြည်သူ့ရဲဘော်ကပေးသော သမိုင်းသင်ခန်းစာများ'' စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားကာ သဘာပတိများက စာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ အလှည့်ကျသဘာပတိ ဒေါက်တာ တင်လှိုင်(ဘိုးလှိုင်)က စာတမ်းရှင် ဦးနေမျိုးအေး(နေမျိုးအေး) နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးနေမျိုးအေး(နေမျိုးအေး)က ''ခေတ်ပြိုင်သမိုင်းဆိုင်ရာ နိုင်ငံရေးကာတွန်းများ''စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို စာတမ်းရှင်က ပြန်လည်ရှင်းလင်းဖြေကြားကာ သဘာပတိများက စာတမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်း စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဒေါက်တာတိုးလှ၊ ဒေါက်တာ လှမောင်နှင့် ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဒေါက်တာတိုးလှက စာတမ်းရှင် ဦးအေးညိန်း(ထွန်းအောင်ကျော်)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးအေးညိန်း(ထွန်းအောင် ကျော်)က ''ပါလီမန်အစိုးရ၏ ၁၉၅ဝ ပြည့်နှစ်များအတွင်း ဆောင်ရွက်ခဲ့သော မြေယာပြုပြင်ပြောင်းလဲရေး(Land Reform)ကို သမိုင်းရှုထောင့်မှ ချဉ်းကပ်လေ့လာခြင်း'' စာတမ်းကိုဖတ်ကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို စာတမ်းရှင်က ပြန်လည်ဖြေကြားကာ သဘာပတိများက စာတမ်းနှင့် ပတ်သက်၍ သုံးသပ် ဆွေးနွေးကြသည်။
ဆက်လက်၍ အလှည့်ကျသဘာပတိ ဒေါက်တာလှမောင်က စာတမ်းရှင် ဦးသန်းဝင်းရွှေ(မောင်သန်းဝင်းရွှေ)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးသန်းဝင်းရွှေ (မောင်သန်းဝင်းရွှေ)က ''ခေတ်သစ်မြန်မာ့စီးပွားရေးသမိုင်းမှ ခေတ်ပြိုင် သမဝါယမပညာစာပေ''စာတမ်းကိုဖတ်ကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို စာတမ်းရှင်က ပြန်လည်ဖြေကြားကာ သဘာပတိများက စာတမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင်များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်ကြသည်။
စာတမ်းဖတ်ပွဲ စတုတ္ထနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် စာတမ်းရှင် ကိုတာက ''တစ်ပြည်လုံးပျော်ရွှင်ခြင်း'' စာတမ်း၊ စာတမ်းရှင် နီမော်က ''နိုင်ဝင်းဆွေ၏ ဘဝနှင့်စာပေ''စာတမ်း၊ စာတမ်းရှင် ဂျေလှသင်က ''အစိုးရရှိခဲ့မှန်း သိခဲ့ရသောခေတ်'' စာတမ်းနှင့် စာတမ်းရှင် ထွန်းဇော်ဌေးက ''မြန်မာ့မြေယာမူဝါဒ''စာတမ်းတို့ကို ဖတ်ကြားကြမည်ဖြစ်သည်။
ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၄ ရက်အထိ ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း ၂၂ဝ ကျော်က သုတ၊ ရသ စာအုပ်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယနေ့သည် အများပြည်သူရုံးပိတ်ရက် ကျောင်းပိတ်ရက် ဖြစ်၍ စာအုပ်စာပေ လာရောက်လေ့လာဝယ်ယူ အားပေးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-လှမိုး

No comments:

Post a Comment