Thursday, December 29, 2016

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people, people standing and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၈
၂၇၅၆ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့ မွန်းလွဲ ပိုင်းမှစတင်၍ အင်းစိန်မြို့နယ် မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့် ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်ကို ယနေ့ ညနေ ၆ နာရီတွင် မဟာရန်ကုန် ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဖဒို မန်းရွှေပြည်အေးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ''ကရင်လူမျိုးတို့ အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခုလိုအချိန်မှာ ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့ ကောက်သစ်ကို မိမိကိုယ်တိုင် မစားသောက်ခင် အသိမိတ်ဆွေတွေ နဲ့ လူကြီးမိဘတွေကို ပူဇော်ကန်တော့ ကျွေးမွေးပြီးမှ ဆက်လက်စားသောက် မှုကို ပြုခဲ့ကြတယ်။
ဒါကို အစွဲပြုပြီး တော့ ယနေ့လို ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ဆိုတာ ဖြစ်ပေါ်လာ ရတာပါ။ အခုလို နှစ်သစ်ကူးပွဲတော် ကို နေရာအနှံ့ရောက်ရှိနေတဲ့ ကရင် လူမျိုးတွေကလည်း သက်ဆိုင်ရာ ဒေသအသီးသီးမှာ ကျင်းပနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော် ကာလက ပြည်တွင်းစစ်ပြဿနာတွေ နဲ့ လူထုတွေ ဒုက္ခရောက်ခဲ့ရတယ်။ လာမယ့်ကာလမှာ စည်းစည်းလုံးလုံး နဲ့ ဆက်ပြီး လုပ်ကိုင်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိမှာပါ'' ဟု ပြောကြားသည်။
ယနေ့ ညပိုင်းတွင် ကရင်တိုင်းရင်းသူ တိုင်းရင်းသားလေးများက တယောသံစဉ်ဖြင့် တီးခတ်ဖျော်ဖြေမှုများ၊ ကရင်ရိုးရာ ဒုံးယိမ်းအကများ၊ တိုင်းရင်းသားရိုးရာ တေးသီချင်း ဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ပြခန်းနှင့် သတင်းနှင့် ပြန်ကြားရေးပြခန်းတို့ကို ဖွင့်လှစ်ပြသထားပြီး ရိုးရာလက်ရည်ယှဉ်ပြိုင်ပွဲနှင့် ကရင် ရိုးရာအကများ၊ တေးသီချင်းများ၊ ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်လျက်ရှိသည်။
ထို့အပြင် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ တိုင်းရင်းသားရိုးရာ အစားအသောက် ဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများ ပါဝင် လျက်ရှိရာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
''အခုလို နှစ်သစ်ကူးပွဲတော်မှာ အရင်နှစ်တွေတုန်းက ပြည်တွင်းက လက်ဝှေ့ဝါသနာရှင်တွေသာ လာရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီနှစ်မှာတော့ ဂျပန်နိုင်ငံက လက်ဝှေ့ ဝါသနာရှင် လာရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ထူးခြားပါတယ်'' ဟု ပါမောက္ခ ဖဒို မန်းရွှေပြည်အေးက ဆိုသည်။
အဆိုပါ ရိုးရာလက်ရည်ယှဉ်ပြိုင်ပွဲ ကို အင်းစိန်မြို့နယ် မြန်မာ့မီးရထား ဘောလုံးကွင်း၌ ယနေ့ မွန်းလွဲပိုင်း မှ စတင်ကျင်းပလျက်ရှိပြီး ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံသား လက်ဝှေ့ဝါသနာရှင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင် အလံတော်ကို အလေးပြုခြင်း၊ ဟောပြောပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ရိုးရာလက်ရည်ယှဉ်ပြိုင်ပွဲနှင့် ညပိုင်းတွင် ရိုးရာအကများ၊ တေးသီချင်း များ၊ ဒုံးယိမ်းပြိုင်ပွဲများဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည့်အပြင် ဆုပေးပွဲများကို ဒီဇင်ဘာ ၃ဝ ရက်တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment