Friday, December 30, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
မှန်ကန်မျှတသော ကန်ထရိုက်စိုက်ပျိုးရေးစနစ်

မကြာသေးမီကာလက   စပါးပေါ်ခဲ့သော   ကျောင်းကုန်းမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့သို့   စပါးဝယ်လက်များလုံးဝရောက်ရှိလာခြင်းမရှိ ဟု သိရှိရပါသည်။ နိုင်ငံတော်ကထုတ်ချေးသော စိုက်ပျိုးစရိတ်ချေးငွေဖြင့် မလုံလောက်၍လယ်သမားများသည် ပြင်ပမှ လိုအပ်သော စိုက်ပျိုးရေး စရိတ်ကို ချေးငှားထားရသောကြောင့် စပါးပေါ်ချိန်သည် လယ်သမား များ ဝင်ငွေအထူးလိုအပ်နေချိန် ဖြစ်ပါသည်။ ဤကဲ့သို့ လယ်သမားများ ဝင်ငွေအထူးလိုအပ်နေချိန်၌ စပါးဝယ်လက်မရှိခြင်းသည် လယ်သမား များအား အကျပ်အတည်းအခြေအနေတစ်ရပ်သို့ တွန်းပို့သကဲ့သို့ဖြစ်နေပါ သည်။ စပါးပေါ်ချိန် သို့မဟုတ် စိုက်ပျိုးရေးစရိတ်ပြန်ဆပ်ရမည့် ကာလ များတွင် စပါးဈေးကျဆင်းခြင်းသည် လယ်သမားများပုံမှန်ကြုံတွေ့ရ သည့် ဖြစ်ရပ်ဟုပြောဆိုနိုင်ပါသည်။ ယခုကဲ့သို့စပါးပေါ်ချိန်၌ သက်ဆိုင်ရာ မြို့နယ်များသို့   စပါးဝယ်လက်များဆင်းမလာခြင်းသည်   စပါးဈေး ကျဆင်းရာကျဆုံးကြောင်း ကိစ္စတစ်ရပ်အဖြစ် သုံးသပ်ရမည်ဖြစ်ပါသည်။
စပါးပေါ်ချိန်၌  စပါးဈေးကျဆင်းခြင်းကို  ကာကွယ်ရန်အကောင်း ဆုံးသောနည်းလမ်းသည် စစ်မှန်သောကန်ထရိုက်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ယူဆပါသည်။ စစ်မှန်သောကန်ထရိုက်စိုက်ပျိုး ရေးစနစ်၌ ပါဝင်လုပ်ကိုင်သည့်ကုမ္ပဏီသည် လယ်သမားများလိုအပ်သော သွင်းအားစုအားလုံးကိုတာဝန်ယူဖြည့်ဆည်း၍ စပါးပေါ်ချိန်၌ကြိုတင် သဘောတူထားသောဈေးနှုန်းဖြင့် စပါးများကို လယ်သမားများထံမှ ဝယ်ယူပါသည်။ လယ်သမားများကလည်း ကြိုတင်သဘောတူညီချက် နှင့်အညီ  စပါးများကို  စိုက်ပျိုးထုတ်လုပ်ပေးရပါသည်။  မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသောကန်ထရိုက်စိုက်ပျိုးရေးစနစ်တွင် သက်ဆိုင်ရာကုမ္ပဏီ များသည် သွင်းအားစုများနှင့်ပတ်သက်၍ အပြည့်အဝတာဝန်ယူနိုင်ခြင်း မရှိဟု သိရှိရပါသည်။ စပါးဈေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီနှင့် လယ်သမားများကြား ကြိုတင်သဘောတူညီချက်ရှိသော်လည်း လယ် သမားများသည် ကုမ္ပဏီထံမှ ချေးငွေရရှိရေးကို အဓိကထားရသောကြောင့် ညှိနှိုင်းရရှိသောစပါးဈေးသည် မှန်ကန်မျှတမှု မရှိဟုယုံကြည်လျက်ရှိပါ သည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ကုမ္ပဏီနှင့် လယ်သမားများကြား မှန်ကန်မျှတသောဈေးနှုန်းသတ်မှတ်နိုင်ရေးကို ထိန်းညှိပေးနိုင်ပါက  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်မည်ဟု အကြံပြုတင်ပြလိုပါသည်။
တောင်သူလယ်သမားများက တိုင်းပြည်၌ လက်ရှိကျင့်သုံးလျက် ရှိသော ကန်ထရိုက်စိုက်ပျိုးရေးစနစ်သည် ''အကျိုးတူ'' ဟူသော အမည် နှင့်အညီ အကျိုးအမြတ်ရှိမှသာ အတူခွဲဝေရယူသော်လည်း အဆုံးအရှုံး ရှိပါက အတူခွဲဝေတာဝန်ယူခြင်းမရှိ၍ ''အကျိုးတူသော်လည်း အရှုံးမတူ''ဟု ပြောဆိုနေကြပါသည်။ ထိရောက်သော သီးနှံအာမခံစနစ်တစ်ရပ်ကို ဖန်တီးနိုင်ပါက ဤသို့သော အကျိုးတူသော်လည်း အရှုံးမတူသည့် ဖြစ်ရပ် ဆိုးများကို ကာကွယ်ဟန့်တားနိုင်မည်ဟုယူဆပါသည်။ ယေဘုယျအားဖြင့် လယ်ယာမြေအားလုံးကို လွှမ်းခြုံသည့် သီးနှံအာမခံစနစ်ကိုသာ ပုံဖော် နိုင်ပါက ပျက်စီးဆုံးရှုံးသည့် လယ်ယာမြေများအတွက် လျော်ကြေးများနှင့်  ပံ့ပိုးမှုများကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိမည်ဖြစ်ပါသည်။
ချုပ်၍တင်ပြရပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ အနေဖြင့် ကုမ္ပဏီနှင့် လယ်သမားများကြား မှန်ကန်မျှတသော ကန်ထရိုက် စိုက်ပျိုးရေးစနစ်  ချမှတ်နိုင်ရေးကို  မူဝါဒချမှတ်  ဆောင်ရွက်ပေးပါရန် လေးစားစွာအကြံပြု တင်ပြအပ်ပါသည်။     ။

No comments:

Post a Comment