Tuesday, December 27, 2016

ကျွန်းလှမြို့သစ်တည် နှစ်(၂ဝ)ပြည့် ပွဲတော်အထိမ်းအမှတ် သီတဂူဗုဒ္ဓတက္ကသိုလ်ပန္နက်တင်အုတ်မြစ်စီမင်္ဂလာနှင့် လွတ်လပ်ရေးကျောက်တိုင်ဖွင့်ပွဲ ကျင်းပ

Image may contain: 1 person, sitting, child and baby
ကျွန်းလှ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှမြို့သစ်တည် နှစ် (၂ဝ) ပြည့် ပွဲတော် သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်အုတ်မြစ်စီ မင်္ဂလာနှင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီမှစတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအစီအစဉ်အရ နံနက် ၇ နာရီတွင် ကျွန်းလှမြို့ အားကစား ကွင်းအနီးတွင် စိုက်ထူထားသည့် အမြင့် ၃၆ ပေ၊ အရန်တိုင် ငါးတိုင် ပါဝင်သည့် လွတ်လပ်ရေးကျောက်တိုင်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း နှင့် ဦးလှဖြိုး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ ပြည်ထောင်စု လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ နံနက် ၈ နာရီတွင် ကျွန်းလှမြို့သစ်တည် နှစ်(၂ဝ)ပြည့် ပွဲတော်နှင့် သီတဂူဗုဒ္ဓတက္ကသိုလ် ပန္နက်တင်အုတ်မြစ်စီ မင်္ဂလာ အခမ်းအနားကျင်းပရာ မုခ်ဦးကို စတင်ဖွင့်လှစ်ခဲ့ပြီး ပန္နက်တင် အုတ်မြစ်စီ အခမ်းအနားကျင်းပမည့် နေရာတွင် သံဃာတော် အပါး ၅ဝဝ ဝန်းရံကာ မင်္ဂလာအချိန်တော်တွင် သီတဂူဆရာတော်ကြီးက စတင်၍ စိန်အုတ်မြစ်စီတော်မူပြီး ကျန်သတ်မှတ်နေရာ အသီးသီးတွင် ဖိတ်ကြားထားသည့် ဆရာတော်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များက အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။
ထို့နောက် ဗုဒ္ဓတက္ကသိုလ်ဝင်း အတွင်းရှိ ဓမ္မသဘင်ခန်းမတွင် စစ်ကိုင်းမြို့ IBEC ဆရာတော်က ပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းလျှောက်ထားပြီး ကန့်ဘလူ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ကျွန်းလှမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး တို့က သြဝါဒကထာ မိန့်ကြားကြပြီး သီတဂူဆရာတော်ကြီးက သြဝါဒ ကထာ ချီးမြှင့်ခဲ့သည်။
ဘုရားရှင်၏ ပဋိကတ်သုံးပုံကို ခေတ်မီနည်းစနစ်များဖြင့် သင်ကြားပေးရန် ရည်ရွယ်၍ သီတဂူဗုဒ္ဓ တက္ကသိုလ်များကို တည်ဆောက်ပေးခြင်းဖြစ်ပြီး ကျွန်းလှမြို့တွင် တည်ဆောက်မည့် ဗုဒ္ဓတက္ကသိုလ်ကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ငါးနှစ်အတွင်း ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော် လျာထားဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါပွဲတော်ကြီးကို ဒီဇင်ဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း တရားပွဲ၊ အားကစားပွဲ၊ စာပေဟောပြောပွဲနှင့် ဖျော်ဖြေရေးပွဲ အစီအစဉ်များ ထည့်သွင်းကျင်းပပေး လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment