Tuesday, December 27, 2016

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်နိုင်ရေး အသိပညာပေးရန်လို





 
 
နေပြည်တော် ဒီဇင်ဘာ ၂၆


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ (၄/၂ဝ၁၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် လမ်းကြောင်းမှ သွားရောက်နိုင်ရေးအတွက် ပြည်သူများအကြား သတင်းအချက်အလက်၊ အသိပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလုပ်သမားစေလွှတ်သော နိုင်ငံအနေဖြင့် ခေါင်းပုံဖြတ်မှုကင်းရန်၊ ကုန်ကျစရိတ် အနည်းဆုံး ဖြစ်စေရန်၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအ္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအပြင် လုပ်ငန်းခွင် လုံခြုံရေး၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းများ ဖြစ်စေရေးဆောင်ရွက်ရန်၊ အလုပ်သမားလက်ခံသောနိုင်ငံများ ၏ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီရရှိရန်၊ ပြည်ပတွင်ရောက်ရှိနေသော အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းနှင့် အခက်အခဲများတွေ့ကြုံရခြင်းတို့ အတွက် ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ ပြည်ပ တွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ကို အထောက် အကူပြုနိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ ဖြစ်သော စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ၊ အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ် ခေါ် TR-38)ကိုင်ဆောင်၍ အလုပ်လုပ် ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများအနက် နိုင်ငံသား အထောက်အထား ပြည်စုံစွာမတင်ပြနိုင်သော မြန်မာ အလုပ်သမားများကို နှစ်စဉ်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ် ခေါ်TR-38) ဖြင့် သက်တမ်းတိုး ပြုလုပ်နေရသည့်အစား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေး နိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အများဆုံး ရှိသော စမုပရာကန်၊ စမုစခွန်(မဟာချိုင်)၊ ကန်ချနဘူရီ၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့များ၌ အောက်ပါ နေရပ် လိပ်စာများ၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ဖွင့်လှစ် ဆောင်ရွက်သွားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊
ထို့အပြင် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာ အလုပ်သမားများ အခွင့်အရေးအပြည့်အဝ ရရှိခံစားနိုင်စေ ရေးအတွက် ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား နည်းပညာသင်တန်းသား စေလွှတ်ခြင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (Memorandum of
Cooperation- MoC)ကို မကြာမီလက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ် စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ လျော်ကြေးရရှိရန် ကျန်ရှိနေသည့် အလုပ်သမားများအတွက် ဆောင်ရွက်နေ သည့်ကိစ္စရပ်များ၊ Passport for Job (PJ) ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့်လွယ်ကူစေရန်ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment