Thursday, December 29, 2016

ကျိုင်းတုံ၌ အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ


 
 
 
မြင့်မိုရ်(တာချီလိတ်)

ကျိုင်းတုံ ဒီဇင်ဘာ ၂၈

အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ် ကူးပွဲတော်ကျင်းပရေးကော်မတီ(ဗဟို)က ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မအားကစား ကွင်း၌ (၄၂)ကြိမ်မြောက် အာခါ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော်အခမ်းအနားကို အာခါတိုင်းရင်း သားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာများနှင့်အညီ နှစ်စဉ် အစဉ်အလာ မပျက် ဒီဇင်ဘာ ၂၈ ရက် နံနက်က ကျင်းပ သည်။

အခမ်းအနားတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်က (၄၂)ကြိမ်မြောက် အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီးနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက စုပေါင်းနှစ်သစ်ကူးပွဲတော် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက စုပေါင်း နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်စကားကို ပြောကြားပြီးနောက် စုပေါင်းနှစ်သစ်ကူးပွဲ တော် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်းနှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်တေးသီချင်းနှင့် အာခါတိုင်းရင်းသားများ၏ ရှေးရိုးရာမြေဝိုင်းအကနှင့် ခေတ်ပေါ် တိုင်းရင်းသားအကပဒေသာအကများဖြင့် ဖျော်ဖြေခြင်း၊ အာခါတိုင်းရင်း သားများ၏ ယဉ်ကျေးမှုပြခန်းများ လိုက်လံပြသခြင်း၊ အာခါတိုင်းရင်းသားများ၏ ရိုးရာ ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အာခါတိုင်းရင်းသားများသည် ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ ၁၉၇၅ ခုနှစ်တွင် အာခါတိုင်းရင်းသား လူမျိုးစုကို အခြေခံကိုယ်စားပြုသည့် ''အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်'' တစ်နည်းအားဖြင့် ''အာခါအမျိုးသားနေ့''ကို နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပ လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၂)ကြိမ်မြောက် ဖြစ်သည်
ပွဲတော်သို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် စစ်ဘက် ဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အာခါ တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှ၊ အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမင်းညို၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ နိုင်ငံခြားသားလေ့လာသူများ၊ သတင်းမီဒီယာများ စုံလင်စွာတက်ရောက်ကြောင်း သိရသည်။

No comments:

Post a Comment