Thursday, December 1, 2016

မောင်တောခရိုင်တွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်း



Image may contain: sky, tree, grass, outdoor and nature
မောင်တော နိုဝင်ဘာ ၃ဝ
မောင်တောခရိုင်တွင် ကျွဲ၊ နွား၊ ဆိတ် မှ စ၍ ဝက်၊ ကြက်နှင့်ဘဲများ မွေးမြူ လျက်ရှိရာ တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြင့်သာ ဖြစ်ထွန်းနေခြင်းဖြစ်ပါကြောင်း မောင်တောခရိုင် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာရွှေစိုးအောင်က ပြောကြားသည်။
မောင်တောခရိုင်တွင် မွေးမြူရေး လုပ်ငန်းအနေဖြင့် ခြံအကြီးများမရှိဘဲ တစ်ပိုင်တစ်နိုင် မွေးမြူရေးသာ အဓိကဖြစ်ထွန်းလျက်ရှိကြောင်း၊ ကျွဲ ကောင်ရေ ၄၈ဝဝဝ ကျော်၊ နွား ကောင်ရေ ၂၄၄ဝဝဝ ကျော်၊ ဆိတ် ကောင်ရေ ၁၈၃ဝဝဝ ကျော်၊ ဝက် ကောင်ရေ ၂၅ဝဝဝ ကျော်၊ ကြက်ကောင်ရေ ၁၁၄ဝဝဝ ကျော်နှင့် ဘဲ ကောင်ရေ ၇ဝဝဝဝ ကျော်ရှိနိုင်ကြောင်း ဒေါက်တာရွှေစိုးအောင်က ပြောကြားသည်။
ရွှေဗဟိုလ်ကျေးရွာမှ ဦးအောင် ထွန်းလှက ''ကျွန်တော့်မှာ တစ်ပိုင် တစ်နိုင်အနေနဲ့ မွေးမြူထားတဲ့ နွားခြောက်ကောင်ရှိပါတယ်'' ဟု လည်းကောင်း၊ ဦးထွေးခိုင်က ''ကျွန်တော့် မှာတော့ နွားနှစ်ကောင်ရှိပါတယ်။ ဒီလိုပဲ တခြားအိမ်တွေမှာလည်း အနည်းဆုံး နှစ်ကောင်စီ၊ သုံးကောင်စီ မွေးမြူထားကြပြီး စုပေါင်းကျောင်း ကြပါတယ်''ဟု လည်းကောင်း ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မောင်တောခရိုင်တွင် တိုက်နယ်ရုံးလေးခုခွဲကာ သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်ရေးအတွက် ကျေးလက်ဒေသများတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ဆေးထိုး ခြင်း၊ တိရစ္ဆာန်များ ဆုံးရှုံးမှုမဖြစ်အောင် ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက နည်းပညာပိုင်းနှင့် ကုသရေးအပိုင်းများတွင်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
(အေဝမ်းစိုး)

No comments:

Post a Comment