
ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲအား Title sponsor အဖြစ်ပံ့ပိုးကူညီမည့် KBZ Bank တို့ စာချုပ်ချုပ်ဆိုပွဲကို ယနေ့မွန်းလွဲပိုင်းက နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသမီးလိဂ်ကော်မတီဥက္ကဋ္ဌ ဦးလှဌေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး KBZ Bank Senior General Manager ဦးမြင့်ဦးက ပြိုင်ပွဲအား ကူညီပံ့ပိုးပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် KBZ Bank တို့ Title sponsor စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာအသင်းဂျာစီအား အမှတ်တရလက်ဆောင်ပေးအပ်သည်။ ယင်းနောက် ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အမျိုးသမီးလိဂ်ကော်မတီဥက္ကဋ္ဌ ဦးလှဌေး နှင့် တာဝန်ရှိသူများက မီဒီယာများ၏မေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြားသည်။
ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁ဝ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းခုနစ်သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်များကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကာ ဒီဇင်ဘာ ၁ဝ ရက်တွင် ဖွင့်ပွဲအခမ်း အနားကိုပါ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကျင်းပရန် KBZ Bank က Title sponsor အဖြစ် ကျပ်သိန်း ၃ဝဝဝ ပံ့ပိုးကူညီမည်ဖြစ်ပြီး အား/ကာသိပ္ပံ၊ ဂန္ဓာမာ၊ ဇွဲကပင်၊ YREO F.C Sport & Education F.C ၊ မြဝတီနှင့် ပြည်ထဲရေးအသင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသမီးဘောလုံး အဆင့်အတန်းကိုတိုးတက်စေရန် အမျိုးသမီးလိဂ်ပြိုင်ပွဲကို စတင်ကျင်းပခြင်းဖြစ်သည်။
No comments:
Post a Comment