
နေပြည်တော် နိုဝင်ဘာ ၂၆
၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆ဝ၁ မှ ၄၈ဝဝ အထိ အတွဲပေါင်း ၁၂ဝဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသည်။
အဆိုပါကျောက်စိမ်းအတွဲ ၁၂ဝဝ တွင် အခြေခံဈေးယူရိုငွေ ၄ဝဝဝ မှ ၂ဝဝဝဝဝ ထိ တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများနှင့် အခြေခံ ဈေး ယူရိုငွေ ၁ဝဝဝ မှ ၂ဝဝဝဝဝ ထိ တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲများ ပါဝင်သည်။
ယခုနှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၅၉၈၈ တွဲနှင့် ကျောက်မျက်အတွဲပေါင်း ၄၃၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ကျောက် စိမ်းအတွဲ ၁၁၂၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ကျောက်စိမ်းအတွဲ ၃၅ တွဲနှင့် နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်စိမ်း အတွဲ ၃၁ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲ ၆၆ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှစ၍ ပြည်တွင်း ပြည်ပမှ ရတနာကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ် တို့ဖြင့်ရောင်းချရန် ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများနှင့် အချောထည်ကျောက်စိမ်းအတွဲများအား မိမိတို့စိတ်ကြိုက် ကြည့်ရှုရွေးချယ်ပြီး ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းကြသည်။
ယခုပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ကျောက်မျက် ရတနာထုတ်လုပ်ခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရယူလုပ်ကိုင်သည့် အကျိုးတူကုမ္ပဏီ များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အသင်းများ၊ ရတနာအရောင်းဆိုင်ဖွင့်လှစ်၍ ရတနာပစ္စည်းရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူများ၊ ကျောက်စိမ်းအချော ထည်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလိုင်စင်ရယူထားသူများနှင့် ကျောက်မျက် အရိုင်းနှင့် အချောထည်ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လုပ်ငန်းလိုင်စင်ရယူထားသည့် နိုင်ငံသားကျောက်မျက်ရတနာကုန်သည်များကို တင်ပြရောင်းချခွင့်ပြုထားသည်။
ယနေ့ပြပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နှင့် တာဝန်ရှိသူများ လာရောက်၍ လက်ဝတ်ရတနာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ ရတနာကုန်သည်များ ဈေးနှုန်းအဆိုပြုလွှာများ တင်သွင်းနေမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ကျော်သူထက်(သတင်းစဉ်)
No comments:
Post a Comment