Monday, November 28, 2016

KIA ၊TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများဒဏ်ရာရ၊KIAအဖွဲ့က ယာဉ်များအား ဆက်ကြေးကောက်ခံ


နေပြည်တော် နိုဝင်ဘာ ၂၇

KIA ၊TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် မန်တုံမြို့နယ် ပန်ဝါကျေးရွာမှ ပြည်သူခြောက်ဦး၊ မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာမှ ပြည်သူတစ်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်းနှင့ှ်ုဗ လက်နက်ကိုင် အဖွဲ့သည် မိုးကောင်း-ဖားကန့်ပြေးဆွဲနေသည့် ယာဉ်ကြီးများ၊ မူဆယ်မြို့ရှိ လုပ်ငန်းရှင်များထံမှ ဆက်ကြေး ကောက်ခံခြင်းများပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် ပန်ဝါကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသော တပ်မတော် စစ်ကြောင်းကို နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခန့်၌KIA ၊TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ၄င်းတို့ပစ်ခတ်သော လက်နက်ကြီးဗုံးသီးများ ပန်ဝါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးနောင်ဂျာအပါအဝင် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ မစိုးရိမ် ရဒဏ်ရာများရရှိခဲ့သဖြင့် နမ္မတူပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာမှ မနန်းဖုန်းသည် နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က မုန်းပေါ်ကျေးရွာအနီးရှိ ပြောင်းခြံတွင် ပြောင်းဖူးချိုးနေစဉ် KIA ၊TNLAလက်နက်ကိုင်အဖွဲ့၏ပစ်ခတ်မှု ကြောင့် ဝမ်းဗိုက်တွင်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင်KIA လက်နက်ကိုင် အဖွဲ့ရင်း(၆)မှ အင်အား ၉ဝ ခန့်သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်က မိုးကောင်းမြို့နယ် နန့်ဟိုင်းကျေးရွာနှင့် စေတုံကျေးရွာ ကြားရှိ နန့်ဟိုင်းသုသာန်အနီးတွင် မိုးကောင်း - ဖားကန့် ပြေးဆွဲနေသည့် ယာဉ်ကြီး တစ်စီးလျှင် ငွေကျပ် ၁၇ဝဝဝဝ၊ ယာဉ်ငယ်တစ်စီးလျှင် ငွေကျပ် ၁ဝဝဝဝဝ နှုန်းဖြင့် ဆက်ကြေးကောက်ခံခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်ကလည်းKIA လက်နက် ကိုင်အဖွဲ့သည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များထံ ဖုန်း၊ စာတို့ဖြင့်ဆက်သွယ်၍ သြဂုတ်လ အတွက် ဆက်ကြေးငွေတောင်းခံခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment