Monday, November 28, 2016

မောင်တောခရိုင်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မှုများဆောင်ရွက်


နေပြည်တော် နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲစခန်းများ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ ပြန်လည်ရရှိရေး၊ ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်စဉ် ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွား ခဲ့ရာ ပြစ်မှုကျူးလွန်သူများ၊ ပါဝင်ပတ်သက်သူများ ထွက်ပြေး တိမ်းရှောင်မှု၊ ၄င်းတို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရွာသူ ရွာသားများမှာ စိုးရိမ်ထိတ်လန့်ပြီး နေရပ်မှစွန့်ခွာတိမ်းရှောင် မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ကယ်ဆယ်ရေးစခန်းများ နှင့် ကျေးရွာများသို့ နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သော ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများက စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထား မှု အကူအညီများ၊ အလှူငွေများကို သွားရောက်ပို့ဆောင် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ထောက်ပံ့ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့်ခွာသူများအတွက် ဆန် ၁ဝ၈၄ အိတ်၊ ဆီ ၂၁၆၉ ပိဿာ၊ ဆား ၂၁၆၉ ပိဿာ၊ ပဲ ၂၁၆၉ ပိဿာနှင့် ငါးသေတ္တာ ၉၃၁၉၈ ဘူးတို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် နေရပ်စွန့်ခွာ သူများအတွက် ဆန်အိတ် ၄ဝဝဝ၊ ငါးနီတူခြောက် ပိဿာ ၁ဝဝဝ၊ စက်သုံးဆီ ၈၄၈၇ ဒသမ ၅ ဂါလန်၊ စပါးရိတ်သိမ်းခြွေလှေ့ စက် အစီး ၃ဝ နှင့် မီးစက်ငါးလုံးကို လည်းကောင်း၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မောင်တောမြို့မှ စစ်တွေ မြို့သို့ နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၅ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၆ ဒသမ ၅ သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့အတူ နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုဝင်ဘာ ၁၁ ရက်က မောင်တောခရိုင်အတွက် ငွေကျပ် ၇ ဒသမ ၅ဝ သန်း တန်ဖိုးရှိ ဆန်အိတ် ၂၅ဝ ကို လည်းကောင်း၊ ကျဆုံးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးဦးအတွက် တစ်ဦးလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃ ဒသမ ၆ဝ သန်းကို လည်းကောင်း၊ ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁ ဒသမ ဝဝ သန်းကို လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးစခန်း ၁ဝ ခု အသစ် ဆောက်လုပ်ခြင်းနှင့် စခန်း ၁၅ ခု ပြုပြင်ခြင်းများအတွက် ငွေ ကျပ် ၃၆ သန်းကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သောWFP၊ UNHCR၊UNOCHA အဖွဲ့များကလည်း နိုဝင်ဘာ ၈ ရက်မှ ၁ဝ ရက်အတွင်း ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင်ပိုက် နှင့် ဝါးပိတ်ကျေးရွာများမှ အိမ်ခြေ ၁ဝ၅၄ စု၊ လူဦးရေ ၇၂၃၂ ဦးအတွက် စားနပ်ရိက္ခာ ၂ ပတ်စာ ၄ မယ်ဖြစ်သော ဆန် ၁ဝ၁၁ အိတ်နှင့် ၄၈ ပြည်၊ ပဲ ၈၉ ဒသမ ၇၅ အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိဿာတို့ကိုလည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment