Monday, November 28, 2016

အာရှရုပ်သံဆုပေးပွဲ ဆန်ခါတင်စာရင်းပါလာခဲ့သည့် "Descendants of the Sun''



Image may contain: 1 person , sky and outdoor
ယခုနှစ်အတွက် ရည်ရွယ်ကျင်းပတဲ့ (၂၁)ကြိမ်မြောက် အာရှရုပ်သံဆုပေးပွဲမှာ ဆုတစ်ခုချင်းစီအတွက် အမည်စာရင်းတင်သွင်းဖော်ပြခြင်းခံရတဲ့ ထူးချွန်အနု ပညာရှင်တွေနဲ့ အနုပညာလက်ရာတွေစာရင်းကို ထုတ်ပြန် ခဲ့ရာမှာ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ''Descendants of the Sun ''ဟာ ယခုနှစ်ရဲ့ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲအဖြစ် အမည်စာရင်းတင်သွင်းဖော်ပြခြင်းခံခဲ့ရကြောင်း ကေဒရမ်မာစတားဒေါ့ကွန်းရဲ့ဖော်ပြချက်အရ သိရပါတယ်။
ယခု နှစ်အစပိုင်းက KBS ရုပ်သံလိုင်းက ထုတ်လွှင့် ပြသခဲ့တဲ့ ''Descendants of the Sun'' ဟာ ခွဲစိတ်ဆရာဝန်မလေးတစ်ဦးနဲ့ အထူးတပ်က စစ်ဗိုလ်လေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တက်သစ်စ မင်းသားတစ်ဦးဖြစ်တဲ့ ဆောင်ဂျွန်ကီနဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ဆောင်းဟေကိုတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဆိုပါ ရုပ်ရှင်ကဲ့သို့ ယခုနှစ်အတွက်ရွေးချယ်ထားတဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အခြားသောတောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတစ်ခုကတော့ မင်းသား လီဆိုးဂျင်နဲ့ မင်းသမီး ယူအီးတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ MBC ရုပ်သံလိုင်းရဲ့ ရုပ်ရှင် ''Marriage Contract''ပဲ ဖြစ်ပါတယ်။
အဆိုပါဆုပေးပွဲကြီးမှာ ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်တွေမှာ ထူးချွန်တဲ့ အနုပညာရှင်တွေနဲ့ လက်ရာတွေကို ရွေးချယ်ကာ ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ယခုနှစ်ဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းမှာတော့ စင်ကာပူ၊ တရုတ်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံက အနုပညာရှင်တွေနဲ့ လက်ရာတွေ အများဆုံးပါဝင်တာတွေ့ရပါတယ်။ အာရှ ရုပ်သံဆုပေးပွဲဟာ နှစ်စဉ်ကျင်းပမြဲအနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲ ဖြစ်ပြီး ယခုနှစ်ဆုပေးပွဲကို လာမယ့် ဒီဇင်ဘာ ၂ရက်မှာ စင်ကာပူ နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
(အေးပြည့်)

No comments:

Post a Comment