Monday, November 28, 2016

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ခိုင်မာသော တရားဥပဒေစိုးမိုးမှု

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြန်မာနိုင်ငံ၏အကြီးဆုံးနှင့် လူနေအထူထပ်ဆုံး မြို့ကြီးဖြစ်သော ရန်ကုန် မြို့ကို နေချင့်စဖွယ် စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ဆောက်သွားမည့် စီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ဖြစ်သည်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ရေရှည်ဆောင်ရွက် သွားရမည့် စီမံကိန်းများအဖြစ် နောက်လာမည့်နှစ်ပေါင်း ၅ဝ ခန့်အထိ မဟာစီမံကိန်းကြီးတစ်ခုကိုလည်း စနစ်တကျရေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မှုများ အဖြစ် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ယာဉ်ကြောပိတ်ဆို့မှု များ ပြေလည်စေရေးအတွက် လူသွားစင်္ကြံပေါ်တွင်ရော ယာဉ်ကြောပေါ် အထိပါ တက်ရောက်ရောင်းချနေသည့် ဈေးသည်များ စနစ်တကျနေရာချ ထားရေးလုပ်ငန်း၊ လမ်းဘေးတွင် ယာဉ်ရပ်နားမှုများကို စနစ်တကျဖြစ်စေ ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ဖော်ပြပါ လုပ်ငန်းများမှာ ရန်ကုန်မြို့နေပြည်သူများ မျက်မှောက်နေ့စဉ် တွေ့မြင် နေရသော မြင်ကွင်းများ၊ နေ့စဉ်တွေ့ကြုံခံစားနေရသော မြို့ပြဝေဒနာ များကို ရှင်းလင်းကုစားရန် ရည်ရွယ်ဆောင်ရွက်ခြင်းများ ဖြစ်သောကြောင့် ပြည်သူအများက ထောက်ခံအားပေးကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့စေကာမူ ယခင်အစိုးရအဆက်ဆက်တွင်လည်း ဖော်ပြပါလုပ်ငန်းများကို သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး များမကြာမီမှာပင် ပွဲပြီးမီးသေ ဖြစ်ကာ နဂိုအခြေအနေသို့သာ ပြန်လည်ဆိုက်ရောက်ခဲ့ရသည်ကို တွေ့ကြုံ ခဲ့ကြဖူးပြီးဖြစ်သောကြောင့် ယခုလည်း စောင့်ကြည့်ကြလိမ့်ဦးမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် မှီတင်းနေထိုင်နေကြသည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကကျသောအချက် မှာ တရားဥပဒေစိုးမိုးရေးကို ရေရှည်ခိုင်မာအောင် တည်ဆောက်သွားရေး ဖြစ်သည်ဟု ယုံကြည်မိသည်။ ရန်ကုန်မြို့တော်ကြီးတွင် ပြည်သူအများ နေ့စဉ် ကြုံတွေ့နေရသည့် ပြဿနာအများစုမှာ စည်းကမ်းမဲ့မှု၊ ဥပဒေကို မထီမဲ့မြင်ပြုမှုတို့တွင် မြစ်ဖျားခံခြင်းဖြစ်သည်။ ဥပဒေများကို ပြဋ္ဌာန်းသည့် မူလရည်ရွယ်ချက်ကပင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ပြည်သူအားလုံးဥပဒေကို လိုက်နာကြရန် တာဝန် ရှိသည်။ ထို့အပြင် ဥပဒေ၏ အထက်တွင်လည်း မည်သူမျှ ရှိမနေရ။ ဥပဒေက ပြည်သူအများ စည်းကမ်းသေဝပ်မှုနှင့် အကျင့်သိက္ခာရှိမှုတို့ အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဥပဒေကို လေးစားလိုက်နာသည်နှင့်အမျှ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အာမခံလာနိုင်မှာ ဖြစ်သည်။ မိမိတို့ စံနမူနာယူဖွယ်အဖြစ် မကြာခဏ ညွှန်းဆိုပြသနေသော စင်ကာပူနိုင်ငံသည် မိမိတို့ လူ့အဖွဲ့အစည်း ထက်ပိုမို၍ စည်းကမ်းလိုက်နာသော၊ ဥပဒေကို လေးစားသော လူ့အဖွဲ့ အစည်းဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။

ပြည်ထောင်စုတရားစီရင်ရေးဆိုင်ရာမူများအနက် အခြေခံကျသော မူတစ်ရပ်မှာ ''ဥပဒေကို ပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာစေ ရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကိုလိုက်နာသော အလေ့ အကျင့် ပျိုးထောင်ပေးရေး''ဟူသောမူ ဖြစ်သည်။ ဥပဒေကို ပြည်သူများ က သိနားလည်ကြရန် လိုအပ်သည်။ မသိနားမလည်၍ အပြစ်ကိုကျူးလွန် မိခြင်းဖြစ်သည်ဟူ၍ ဆင်ခြေပေး၍မရ။ ဥပဒေကို သိရှိနားလည်ရေးနှင့် လိုက်နာရေးတွင် အဓိကကျသူမှာ ပြည်သူများသာဖြစ်သည်။ ဥပဒေဟူသည် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းပင်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ''ပြစ်ဒဏ်'' ရှိသည်။ ''စည်းကမ်းလိုက်နာဘေးကင်းကွာ'' ဟူသော စကားရပ်အတိုင်းပင် စည်းကမ်းလိုက်နာသူအဖို့ ပြစ်ဒဏ်ဟူသည် ကြောက်ရွံ့ဖွယ်ရာ မဟုတ်ပေ။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းအသုံးပြုသူများ စည်းကမ်း၊ ဈေးသည်များ စည်းကမ်း စသည်ဖြင့် စည်းကမ်းလိုက်နာရေးအတွက် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၏ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် ဆောင်ရွက်မှုများဖြင့် ရေရှည်တရားဥပဒေစိုးမိုးရေး ခိုင်မာမှသာ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများလည်း အရှိန် အဟုန်ရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment