Monday, November 28, 2016

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် မြန်မာနှင့် ထိုင်း၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ်တို့ တွေ့ဆုံ



Image may contain: 1 person , outdoor
ရန်ကုန် နိုဝင်ဘာ ၂၇
၂ဝ၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာပထမပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့်ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ တွေ့ဆုံလျက်ရှိသည်။
အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က)မှ လက်ရှိချန်ပီယံထိုင်းအသင်း နှင့် အင်ဒိုနီးရှားအသင်း၊ အုပ်စု(ခ)မှ ဗီယက်နမ်အသင်းနှင့် မြန်မာအသင်း တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားအသင်းနှင့် ဗီယက်နမ်အသင်း၊ ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းနှင့်ယှဉ်ပြိုင်ရမည့် ထိုင်းအသင်းသည် ပြိုင်ပွဲတွင် အင်အားအတောင့်တင်းဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆုထပ်မံရယူနိုင်ရန် ရေပန်းစားနေသည့် အသင်းဖြစ်သည်။ လက်ရှိချန်ပီယံ ထိုင်းအသင်းသည် အင်ဒိုနီးရှားကို လေးဂိုး- နှစ်ဂိုး၊ စင်ကာပူကို တစ်ဂိုး- ဂိုးမရှိ၊ ဖိလစ်ပိုင်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ သုံးပွဲစလုံး အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဗီယက်နမ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကမ္ဘောဒီးယား ကို သုံးဂိုး-တစ်ဂိုး၊ မလေးရှားကို တစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ကာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်လှမ်းခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ(၁၁)ကြိမ်တွင် ဒုတိယအကြိမ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၄ ပြိုင်ပွဲ နောက်ပိုင်း တစ်ကျော့ပြန်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနှင့် ဆီမီးဖိုင်နယ်ပွဲအတွက် နိုဝင်ဘာ ၂၈ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
သတင်း- ရှိုင်းထက်ဇော်
ဓာတ်ပုံ - စိုးညွန့်

No comments:

Post a Comment