Saturday, November 26, 2016

တည်ငြိမ်မှုအတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကြိုးပမ်း

Image may contain: 7 people
 နေပြည်တော် နိုဝင်ဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့နံနက် ၉ နာရီတွင်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (FSMTC) ၏ ညွှန်ကြားရေးမှူး Mr. Alexander FOMIN နှင့် အဖွဲ့အား နံနက် ၁ဝ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌့ လက်ခံတွေ့ဆုံသည်။
အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအတွက် လက်ရှိဆောင်ရွက်နေသည့် တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်သတင်းဖလှယ်မှုကိစ္စရပ်များ၊ နှစ်ဖက်တပ် စခန်းများ၏ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေး၊ လေ့ကျင့်ရေးသင်တန်းများ အပါအဝင် တပ်မတော်နှစ်ရပ်အကြား သက်ဆိုင်ရာ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိဖြစ်ပွားနေသော ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော အရေး ကိစ္စများသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေ ကြောင်း ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ FSMTC ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လက်ရှိဆောင်ရွက်နေသော စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လေ့ကျင့်ရေး သင်တန်းဆိုင်ရာကိစ္စရပ်များ နှင့် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment