Saturday, November 26, 2016

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများသို့ စားနပ်ရိက္ခာများ ထပ်မံထောက်ပံ့

Image may contain: 4 people
မောင်တော နိုဝင်ဘာ ၂၅
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် စားနပ်ရိက္ခာများအား မောင်တောမြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများကို နိုဝင်ဘာ ၂၅ ရက်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ခရိုင်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မောင်တောမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည့် ရွာလေးရွာကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စားနပ်ရိက္ခာများကို သွားရောက် ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ မောင်တောဒေသဖြစ်စဉ်ကြောင့် စားနပ်ရိက္ခာလိုအပ်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများကို အောက်တိုဘာလအတွင်းမှာ သိန်း ၇ဝဝ ကျော်ဖိုး ထောက်ပံ့ပေးခဲ့သကဲ့သို့ ယခုနိုဝင်ဘာအတွင်း မှာလည်း နောက်ထပ် သိန်း ၇ဝဝ ကျော် ထပ်မံထောက်ပံ့ ပေးခဲ့ပါကြောင်း၊ ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ် အစိုးရကို လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်အစိုးရနှင့် ခရိုင် အုပ်ချုပ်ရေးမှူး စသည့် တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများထောက်ပံ့ပေး ခြင်းဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိဏ်းက ပြောသည်။
ရွှေဗဟိုလ်ကျေးရွာမှ အသက် (၃ဝ)နှစ်ရှိ ဒေါ်ဌေးဌေး ခင်က မိမိတို့ရွာသို့ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် လေးကြိမ်ရှိပြီဖြစ်ပါ ကြောင်း၊ နေ့ခင်းဘက်တွင် နေရေးထိုင်ရေး အဆင်ပြေ သော်လည်း ညဘက်တွင် စိုးရိမ်ရကြောင်း၊ မိမိအမျိုးသားမှာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ယခုလောလောဆယ် အလုပ်မရှိဖြစ်နေပါကြောင်း ပြောသည်။
ထို့ပြင် ခရေမြိုင်ကျေးရွာမှ ဦးထွန်းလှအောင်က ယခုကဲ့သို့ လာရောက်ထောက်ပံ့သည့်အတွက် စားနပ် ရိက္ခာများ ရရှိကြသော်လည်း စပါးရိတ်သိမ်းရေး၊ နေရေး ထိုင်ရေးနှင့် သွားလာရေး အခက်အခဲရှိနေသေးပါကြောင်း ပြောကြားသည်။
ဥဒေါင်းကျေးရွာမှ ဒေါ်မချေကလည်း ''ဒီလိုလာရောက် ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း သာပါတယ်။ ဝမ်းလည်းနည်းပါတယ်။ ဝမ်းနည်းတာက အရင်လို လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ပါ။ တောထဲသွားတော့လည်း လုံခြုံရေးက လိုက်မပေးနိုင် ပါဘူး။ တောင်တက်တာလည်း လုံခြုံရေးက လိုက်မပေးနိုင် ပါဘူး။ ကိုယ့်ဒေသ၊ ကိုယ့်ရွာ၊ ကိုယ့်အိမ်မှာ အေးအေး ချမ်းချမ်းပဲ နေချင်ပါတယ်''ဟု ပြောသည်။
သွားရောက်ထောက်ပံ့ခဲ့သည့် ကျေးရွာများမှာ ရွှေရင် အေး၊ ခရေမြိုင်၊ ရွှေဗဟိုလ်နှင့် ဥဒေါင်းကျေးရွာများဖြစ် သည်။ ယခုကဲ့သို့ သွားရောက်ထောက်ပံ့ရာတွင် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ဒေါက်တာ မင်းသိဏ်းတို့က ဒေသခံတိုင်းရင်းသားပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ-အေဝမ်းစိုး

No comments:

Post a Comment