
မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောဒေသတွင် နယ်မြေတည်ငြိမ် အေးချမ်းနေပြီဖြစ်သည့်အတွက် စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းလျက်ရှိကြောင်း စပါးစိုက်တောင်သူများ ထံမှ သိရသည်။
''နယ်မြေကလည်း အေးချမ်းတည်ငြိမ်သွားပြီဆိုတော့ တောင်သူတွေအနေနဲ့ စပါးတွေ အချိန်မီရိတ်သိမ်းနေကြတယ်။ တချို့ရိတ်သိမ်းပြီး စပါးတွေ ခြွေလှေ့နေကြတယ်။
အချိန်မီမရိတ်သိမ်းရင် လေလွင့်မှုများမယ်။ကျွန်တော်က တော့ စားဖို့လောက်ပဲစိုက်တာဆိုတော့ ဒီနှစ်အတွက်တော့ ဖူလုံသွားပြီ''ဟု မောင်တောခရိုင်တောင်ပိုင်း ဗောဓိကုန်း ကျေးရွာမှ တောင်သူ ဦးဖြူသာထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က မောင်တောဒေသရှိ ဒေသခံ တောင်သူလယ်သမားများထံ စပါးများအချိန်မီ ရိတ်သိမ်း နိုင်ရန် စပါးရိတ်စက် အလုံး ၄ဝ ကို အောက်တိုဘာလ နောက်ဆုံးပတ်က ပေးပို့ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန(ရခိုင်ပြည်နယ်) ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။
''လယ်မြေဧကများများရှိတဲ့ တောင်သူတွေကတော့ စပါးရိတ်စက်တွေနဲ့ ရိတ်သိမ်းကြတယ်။ တချို့ ဧက နည်းနည်းရှိတဲ့သူတွေက လူနဲ့ပဲစပါးရိတ်ကြတယ်။ကျွန်တော်တော့ စားဖို့လောက်ပဲစိုက်တော့ အိမ်ကမိသားစု နဲ့ပဲ ရိတ်သိမ်းလိုက်တယ်''ဟု တောင်သူ ဦးဖြူသာထွန်းက ပြောသည်။
မောင်တောဒေသအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် စပါးရိတ်သိမ်းစက်များသည် ရိတ်သိမ်းစက် တစ်စက်လျှင် တစ်ရက် သုံးဧကမှ ငါးဧကအထိ ရိတ်သိမ်းနိုင်ပြီး ကုန်ကျစရိတ်မှာလည်း တစ်ဧကလျှင် ကျပ် တစ်သောင်း နှုန်းသာကုန်ကျကြောင်း လေလွင့်မှုလည်းနည်းပါးကြောင်း ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။
''စပါးရိတ်သိမ်းစက်က အချိန်ကုန်လည်း သက်သာတယ်။ အလုပ်သမားလိုအပ်မှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်တယ်။ လုပ်ငန်းပြီးမြောက်မှုမှာလည်း လူထက်စက်က ပိုပြီး လုပ်ငန်းမှာ အလုပ်ပိုတွင်ကျယ်တယ်''ဟု ပြည်နယ်ဦးစီးမှူး ဦးတိုးဝေကပြောသည်။
မောင်တောဒေသသည် ရာသီဥတုကောင်းမွန်ပြီး စပါးထွက်ရှိမှုနှုန်းကောင်းမွန်ကြောင်း၊ မောင်တောဒေသ တွင် စိုက်ပျိုးထားသည့်စပါးစိုက်ဧက ရှစ်သောင်းခန့် ရှိသော်လည်း တိုင်းရင်းသားလယ်သမားများပိုင် စပါး စိုက်ဧကမှာ ဧကတစ်သောင်းကျော်ခန့်သာရှိကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။
မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ-နေလင်း
ဓာတ်ပုံ-နေလင်း
No comments:
Post a Comment