Friday, November 25, 2016

မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဒေသခံများ၏ စိတ်ချလုံခြုံမှုရှိစေရေး ဖြည့်ဆည်းပေးရန်လိုအပ်



The Mirror Daily's photo.
ရန်ကုန် နိုဝင်ဘာ ၂၄
မိမိတို့သတင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများသို့ ရောက်ရှိစဉ် ဒေသအခြေအနေနှင့် ဒေသခံများ၏ လိုအပ်မှုများကို မေးမြန်းခဲ့သည်။ တိုင်းရင်းသားများ က ၎င်းတို့ကျေးရွာများတွင် စိတ်လုံခြုံ မှုရှိစေရန် လုံခြုံရေးတိုးမြှင့်ချထားပေး စေလိုပြီး စပါးများအချိန်မီရိတ်သိမ်းနိုင်ရေးအတွက် ကူညီပေးရန်၊ ပညာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု များ ပိုမိုဆောင်ရွက်ပေးရန် လိုလားနေကြသည်။
မောင်တောမြို့ မြောက်ပိုင်း ကျေးရွာရှိ ဖားဝပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက ''ရွာကလူတွေ တော်တော်များများက စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။ ကျွန်တော်တို့ရွာမှာ ပညာသင်ကြားမှု မစတင်နိုင်သေးတဲ့အတွက် ပညာရေး အခက်အခဲရှိပါတယ်။ ဆရာ ဆရာမတွေကလည်း စိုးရိမ်ပြီး ကိုယ်ရပ်ကိုယ့် ရွာ ပြန်သွားကြပါတယ်။ ကျန်းမာရေး ကတော့ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတဲ့အတွက် အဆင်ပြေနေပါတယ်။ ကျွန်တော်တို့ရွာက မိသားစု ခုနစ်စုလောက်ကတော့ ဘူးသီးတောင်ကို တိမ်းရှောင်သွားပါ တယ်။ အခုရွာမှာက စားရေးသောက်ရေးလည်း အခက်အခဲဖြစ်တယ်။ လုံခြုံရေးအင်အား တိုးမြှင့်ပေးထားရင်တော့ ကျွန်တော်တို့က ဒီရွာမှာပဲ နေချင်တယ်။ စွန့်ခွာပြီးတော့ မသွားချင်ပါဘူး''ဟု ပြောသည်။
ခြံပြင်ကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးဖြစ်သူ ဦးသာထွန်းက ''ကျွန်တော်တို့ရွာက နဂိုကတည်းက ရှိတဲ့ရွာပါ။ ကျွန်တော်တို့ရွာမှာ ပုစွန်ကန်နဲ့ လယ်ယာမြေတွေ ပိုင်ဆိုင်မှုရှိပါတယ်။
စားဝတ်နေရေးတော့ လက်ရှိ အခက်အခဲရှိပါတယ်။ စပါးစိုက်ထားတာမှာလည်း အခုအလုပ်သမားက ရှာမရဘူး။ တစ်ပိုင်တစ်နိုင်ပဲရိတ်သိမ်း နေရပါတယ်။ နောက် ကျွန်တော်တို့မှာ ပုစွန်ကန်၊ ငါးကန်တွေ ရှိတယ်။ အခု အဲဒီပတ်ပတ်လည်မှာ ဆားငန်ရေတွေ ဝိုင်းထားတော့ ဟင်းသီးဟင်းရွက်လည်း စိုက်မရပါ။ အခြားနေရာကလည်း ဝယ်စားလို့မရပါ။ ငါးတို့ ဘာတို့က ရှာစားလို့ရပေမယ့် ဆီတို့၊ တခြား ကုန်ခြောက်ပစ္စည်းတွေ အကုန်ရှားသွားပါတယ်။ ဈေးကလည်း ဈေးကြီး ပေးဝယ်နေရပါတယ်။ စပါးကို အလုပ်သမားတွေနဲ့ ကောင်းကောင်းမွန်မွန် ရိတ်သိမ်းချင်ပါတယ်။ အလုပ်သမား မရှိတော့ စပါးရိတ်မရဘူး။ စပါးတွေ ကလည်း အမှည့်လွန်နေပါပြီ။ ရှေ့နှစ်ကို မျိုးစပါးနဲ့ ဝမ်းစာစပါး ဘယ်လိုရနိုင်မလဲဆိုတာတော့ မပြောတတ်တော့ဘူး။ ဆေးခန်းရှိတယ်။ သားဖွားဆရာမ ဒီမှာချပေးပါလို့ ကျန်းမာရေးအတွက် ဝန်ကြီးချုပ်ကို တင်ပြထားပါတယ်''ဟု ပြောသည်။
ခြံပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ''ကျွန်တော်တို့ ရွာမှာ အခက်အခဲက ခြံပြင်ရွာသားတွေက လယ်ယာမြေစိုက်ပျိုးပြီး စားသောက်နေတာပါ။ အခု အခြေ အနေအရ စပါးတွေ မရိတ်သိမ်းဖြစ် သေးဘူး။ စားရေး၊ နေရေးက တကယ့်ကို အခက်အခဲရှိပါတယ်။ ရွာမှာ လုံခြုံရေးတပ်ဖွဲ့တွေလာနေမယ်ဆိုရင် အများကြီး စိတ်လုံခြုံမှု ရှိပါမယ်။ အလုပ်အကိုင်လည်း လုပ်နိုင်ပါမယ်။ ကျွန်တော်တို့အနေနဲ့ ဈေးဝယ်၊ ဈေးသွားဖို့ ကားတစ်စီးလောက် လိုချင်ပါတယ်။ တစ်ပတ်ကို နှစ်ခါလောက် လုံခြုံရေးကားပေးပြီးတော့ မောင်တောမြို့မှာ ဈေးဝယ်ခွင့် ရချင်ပါတယ်''ဟု ပြောသည်။
ရေမျက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ကျော်က ''၁၉၉၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ ရေမျက်တောင်ကျေးရွာကို တည်ထောင်ပါတယ်။ နိုင်ငံတော်ကပေးတဲ့ လယ်ယာမြေ တစ်အိမ်ထောင်ကို သုံးဧကရပါတယ်။ ကိုယ့်ရဲ့ လယ်ယာ မြေတွေကို ကိုယ်တိုင်မလုပ်နိုင်ဘူး။ ကိုယ်တိုင်လုပ်ချင်ပေမယ့် သူတို့တွေကိုပဲ သီးစားအဖြစ် အငှားပြန်ပေးထားရတယ်။ ကျွန်တော်တို့ရွာရဲ့ အဓိက စီးပွားရေးက ကဏန်းရှာတာပါ။ ဒါပေမယ့် အခုမရှာနိုင်ပါဘူး။ သွားရ လာရ အဆင်မပြေပါဘူး။ ရွာမှာ ကျန်းမာရေး ဆရာမတစ်ယောက် ရှိပေမယ့် တစ်လလောက်နေလိုက် ပြန်သွားလိုက်ဆိုတော့ အဆင်မပြေပါဘူး။ ပညာရေးကလည်း အလယ်တန်းဆို ငါးခူရကျေးရွာမှာ သွားတက်ရတယ်။ ကလေးတွေက မိုးရွာရွာ၊ နေပူပူ သွားတက်နေရတော့ အခက်အခဲ နည်းနည်းရှိပါတယ်။ ကျောင်းသား ၃၅ ယောက်လောက်သွားတက် နေပါတယ်။ လက်ရှိတော့ ကျောင်းက ပိတ်ထားပါတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပြီဆို ကျွန်တော်တို့ရွာက အထီးကျန်သလို ဖြစ်ပြီး ကျန်ခဲ့ပါတယ်''ဟု ပြောသည်။
လောင်းဒုံကျေးရွာအုပ်စု ဖော်ကီ တောင်ကျေးရွာမှ ရပ်မိရပ်ဖ ဦးကျော်သန်းက ''အိမ်ထောင်စု ၁၇ စုနဲ့ နိုဝင်ဘာ ၁၃ ရက်က ကြိမ်ချောင်း ကျေးရွာကို ရောက်လာတာပါ။ ကျွန်တော်တို့ လောင်းဒုံက တိုင်းရင်း သားတွေအားလုံး ဒီကိုထွက်လာကြတာပါ။ ၁၂ ရက်နေ့ညက ရွာသား တစ်ဦး ဓားနဲ့ အခုတ်ခံရပါတယ်။ အေးချမ်းသွားရင်တော့ ရွာကိုပြန်ချင်ပါတယ်။ ကျောင်းတက်နေတဲ့ ကလေး ၁၄ ဦးလောက်ပါလာပါတယ်'' ဟု ပြောသည်။
လောင်းဒုံကျေးရွာအုပ်စု ဖော်ကီ တောင်ကျေးရွာနေ မရမာကြီး တိုင်းရင်းသား ဦးရွှေမောင်က ''ကျွန်တော်နေတာက စိုက်ပျိုးရေး ရုံးမှာပါ။ ၁၈ နှစ်ရှိပါပြီ။ နိုဝင်ဘာ လ ၁၂ ရက် နံနက် ၅ နာရီခွဲလောက် မှာ ကျွန်တော်တို့နားကရွာမှာ မိုင်း တစ်လုံးကွဲပါတယ်။ ကျွန်တော့် စိတ်ထဲမှာ တိုက်ပွဲဖြစ်နေတယ်လို့ ထင်တာနဲ့ အဲဒီရွာကိုသွားမေးပါတယ်။ သူတို့က မင်းမပူနဲ့၊ ငါတို့ခေါ်သွား မယ်။ အိမ်မှာလိုက်နေဆိုပြီး ခေါ်သွားပါတယ်။ ည ၁ဝ နာရီကျော်တော့ ကျွန်တော်နေလို့ မဖြစ်ဘူး။ သွားမယ်ဆိုတော့ ငါတို့ပြေးရင်လည်း မင်းကိုလည်း ခေါ်သွားမယ်ပြောတယ်။ ကျွန်တော်က နေလို့မရဘူးဆိုပြီး ရွာလူကြီးကိုပြောတယ်။ ကျွန်တော် ပြန်မယ်ဆိုတော့ ကျွန်တော့်ကို လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ဝိုင်းထားပါတယ်။ အဲဒီအဖွဲ့ထဲက တစ်ယောက်က သူခါးကပါတဲ့ ဓားနဲ့ ကျွန်တော့်ကိုခုတ်ပါတယ်။ နောက် တော့ သူတို့ထွက်ပြေးသွားပါတယ်။
''ကျွန်တော်က စနေနေ့ ည ၁၂ နာရီလောက်မှာ အခုတ်ခံရပါတယ်။ တနင်္ဂနွေနေ့ နံနက် ကြိမ်ချောင်းကို ရောက်ပါတယ်။ ဆေးရုံမှာ ဆရာ ဆရာမတွေမရှိလို့ တပ်ကခေါ်သွားပါတယ်။ သူ့တို့ဆီမှာ ဆေးကုပေးပါ တယ်။ စားဖို့၊ သောက်ဖို့ကော ဆေးကုတာကော အကုန်အဆင်ပြေအောင် လုပ်ပေးပါတယ်။ ဒီနေ့မနက်လည်း တပ်ကပြောပါတယ်။ စားဖို့၊ သောက်ဖို့ နဲ့ ဆေးကုတာအပါအဝင် ကူညီပေးမယ်။ မပူပါနဲ့လို့ပြောပါတယ်။ ရွာမှာ တော့နေဖို့ အဆင်သင့်မဖြစ်ပါဘူး။ ကျွန်တော်တို့ရွာမှာက လူနည်းနည်းပဲ ရှိတာပါ။ သူတို့က ရန်မူရင် ကျွန်တော် တို့တွေ အသက်အန္တရာယ် စိုးရိမ်ရပါ တယ်''ဟု ပြောသည်။
ထိုနေ့က မောင်တောမြို့ အရေး ပေါ် ကူညီထောက်ပံ့ရေးကော်မတီက ဖားဝပ်ချောင်းနှင့် ကြိမ်ချောင်း ကျေးရွာရှိ တိုင်းရင်းသားများအား ဆန်၊ ဆီတို့ကို ပေးအပ်လှူဒါန်းခဲ့ သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ရဟန်းရှင်လူများ ထောက်ပံ့လှူဒါန်းသည့် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်း လှူဒါန်းငွေများကိုလည်း အလှူရှင် များကိုယ်စား မောင်တောမြို့ အရေး ပေါ် ကူညီထောက်ပံ့ရေးကော်မတီက ကပ္ပကောင်း၊ ရေမျက်တောင်နှင့် ကြိမ်ချောင်းကျေးရွာတို့တွင် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မောင်တောမြို့ တောင်ပိုင်း မြင်းလွတ်မြို့(၁)ရပ်ကွက်နေ ဦးကျော်ဆွေ (ခေါ်)အဒူဟာဖီးက ''ကျွန်တော်တို့က အားလုံးနဲ့ပူးပေါင်းပြီး ဥပဒေ ဘောင်အတွင်းမှာ နေထိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ ဆူပူသောင်းကျန်းမှု ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေချင်ပါတယ်။ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကိုပဲ ပိုပြီး လိုချင်ပါတယ်။ အစွန်းရောက်သမား တွေရှိရင်လည်း ဝိုင်းဝန်းပြီးဖော်ထုတ် ပေးကြဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ဒီမြေပေါ်မှာပဲနေတယ်။ ဒီက အစာ ကိုပဲစားတယ်။ ဒီနယ်မြေက အရင်က အမည်းရောင်နယ်မြေပါ။ အဖြူရောင် နယ်မြေဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။ ဒီနယ်မြေကို အပြစ်လုပ်ရင် လုံးဝမခံချင်ပါဘူး။ သူတို့ကို ဥပဒေအရ ထိထိရောက် ရောက်အရေးယူပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။ ကောလာဟလ သတင်းတွေကြောင့် လူကောင်းတွေမှာလည်း စိုးရိမ်စိတ်တွေ များနေပါတယ်။ အစွန်းရောက် အကြမ်းဖက် သမားတွေကို လုံးဝမလိုလားပါ။ ပြည်သူတွေလည်း မလိုလားပါဘူး။ ရိုးရိုးသားသားပြောပြရရင် လူကောင်းရှိသလို လူဆိုးလည်း ရှိနိုင်ပါတယ်''ဟု ပြောသည်။
ဥဒေါင်းစံပြကျေးရွာမှ မူလတန်း ကျောင်းအုပ် ဦးထွန်းလင်းက ''မောင်တောမြို့နယ်မှာရှိတဲ့ ကျေးရွာအချို့မှာ ကျောင်းတွေပိတ်ထားပေမယ့် ဥဒေါင်းစံပြတိုင်းရင်းသား ကျေးရွာမှာတော့ စာသင်ကြားလျက် ရှိပါတယ်။ ဆရာ ဆရာမ ငါးဦးရှိပါတယ်။ ကျောင်းသား ကျောင်းသူ ၅၇ ဦးရှိပါတယ်။ ကျောင်းသားတွေ အားလုံးနီးပါးရောက်ပြီး သုံးဦးပဲ မရောက်သေးတာ။ မောင်တောနဲ့ ဘူးသီးတောင်ရောက်နေလို့ သိရပါတယ်''ဟု ပြောသည်။
ဥဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ''အခုဆို ထင်းခွေ၊ ရေခပ်၊ ဖားရှာ၊ ငါးရှာမသွား ရဲဘူး။ ရွာမှာပဲ အပိတ်ခံနေရသလို ဖြစ်နေကြပါတယ်။ လိုအပ်ချက်က လုံခြုံရေးနဲ့ စားဝတ်နေရေးဖြစ်ပါတယ်။ ရပ်ရွာကနေ ထွက်ခွာသွားသူတွေ အားလုံးပြန်လာနေပါပြီ။ လုံခြုံရေးကို မှီခိုအားထားပြီးနေရတာမို့ လုံခြုံရေးပိုင်းကို တင်းတင်းကျပ်ကျပ် လုပ်ပေးစေလိုပါတယ်။ ဒီမှာ အဓိက အသက်မွေးဝမ်းကျောင်းက လယ်ယာလုပ်ငန်းပါ။ တံငါလုပ်ငန်းရှိပေမယ့် သိပ်မလုပ်ကြဘူး။ အရောင်းအဝယ်လည်း လုပ်ကြပါတယ်''ဟု ပြောသည်။
ဂေါ်ဒူသာရ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်က ''ဒီရွာကတော့ သရေကုန်းဘောင်ရွာပါ။ ဒီရွာမှာ ရှိတဲ့လူတွေက လယ်လုပ်တယ်။ အချို့ က ဥယျာဉ်ခြံမြေလုပ်တယ်။ အချို့ ကတော့ တစ်နိုင်တစ်ပိုင် နွားလေး၊ ဆိတ်လေးတွေ မွေးတယ်။ ပိုက်ဆံ အနည်းအကျဉ်း ရှိသူတွေကတော့ ကားထောင်တယ်။ အများစုကတော့ လယ်လုပ်တာပါ။ ဒေသခံတွေ ကြုံတွေ့ရတာက အမြဲပြေးလွှားနေရ တော့ စိတ်ကမလုံခြုံဘူးပေါ့။ ဒီမြေ အပေါ်မှာ ခင်တွယ်တဲ့ စိတ်နည်းလာတယ်။ ဒီတော့ ကျွန်တော်က ကောင်းတဲ့ဘက်က ရပ်တည်ပြီး ပျော်ပျော်ပါးပါးဖြစ်အောင် လုပ်ပေးတယ်။ ဘယ်ကိုမှ မသွားကြနဲ့။ ဒီနားမှာ တပ်တွေရှိတယ်။ တစ်ခုခုဖြစ်ရင် ဖုန်းသာဆက် ငါးမိနစ်မကြာဘူး ရောက်လာမှာဆိုပြီး ပြောထားရတယ်။ နောက်လုံခြုံရေးတွေလည်း မကြာမကြာ ရွာထဲရောက်လာပါ တယ်။ ကျွန်တော်တို့ရွာကို ကျွန်တော်တို့ ကာကွယ်ချင်တယ်လေ။ ဒါကြောင့် အစည်းအဝေးတွေ ခဏခဏလုပ်တယ်။ ကိုယ့်ရွာကို တတ်နိုင်သလောက် ကာကွယ်မယ်။ ယုံပေးကြပါဆိုပြီး တော့ပေါ့။ ကျွန်တော်တို့က နိုင်ငံတော်အတွက် အလုပ်လုပ်နေတာပါ။ လူဆိုး၊ လူမိုက်တွေ ဘယ်နေရာမှာရှိ တယ်ဆိုတာကိုရှာဖွေပြီး သတင်းပို့ရ မှာက ကျွန်တော်တို့ အလုပ်တစ်ခုပဲ လေ''ဟု ပြောသည်။
မောင်တောတောင်ပိုင်းဒေသများသည် လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေး အတော်အသင့်ကောင်းမွန်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည်ကို မြင်တွေ့ခဲ့ရပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
သတင်းဆောင်းပါး - ရဲခေါင်ညွန့် 
ဓာတ်ပုံ - ဖိုးထောင်နှင့် မင်းထက်

No comments:

Post a Comment