Monday, November 28, 2016

နိုင်ငံတကာမြင်ကွင်း



Image may contain: 1 person , text
ရဲရင့်လင်းလက်
အာကန်ဆော (Arkansas) ပြည်နယ် အုပ်ချုပ်ရေးမှူးကတော်ဘဝမှာ ဟီလာရီဟာအရေးပါခဲ့သလို ဘီလ်ကလင်တန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရလို့ အိမ်ဖြူတော်ရောက်တဲ့အချိန်မှာလည်း ဟီလာရီဟာ အရေးပါခဲ့တာပါ။ ဟီလာရီကလင်တန် အိမ်ဖြူတော်မှာ နေထိုင်ခဲ့တဲ့ ရှစ်နှစ်တာကာလကို ကြည့်လိုက်ရင် ဟီလာရီကလင်တန်လောက် ထက်မြက်သြဇာကြီးတဲ့ သမ္မတကတော်မျိုး အမေရိကန်နိုင်ငံသမိုင်းမှာ မရှိခဲ့ပါဘူး။ ပြောရရင် ဟီလာရီကလင်တန်လောက် အငြင်းပွားစရာဖြစ်ခဲ့တဲ့ သမ္မတကတော်မျိုးလည်း အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် မရှိခဲ့ပါဘူး။
ဘီလ်ကလင်တန်က သမ္မတတာဝန်ကို ၁၉၉၃ ခုနှစ်မှာ စယူယူချင်းဆိုသလို ဇနီးဖြစ် တဲ့ ဟီလာရီကို အမေရိကန် ကျန်းမာရေး စနစ်ပြုပြင်ပြောင်းလဲဖို့ အကြီးအကဲအဖြစ် တာဝန်ပေးခန့်အပ်ခဲ့ပါတယ်။ ဟီလာရီက ဒီဧရာမတာဝန်ကြီးကို ကိုင်တွယ်ပုံ ကိုင်တွယ် နည်းဟာ အဲဒီကာလတွေကတည်းက မြင်သာ ပါတယ်။ မူဝါဒထဲကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြဿနာရဲ့ အသေးစိတ်အချက်အလက်တွေကို ပိုင်နိုင်ကျွမ်းကျင်အောင် ဆောင်ရွက်တာပါ။ ဒါပေမယ့် နောက်ပိုင်းဖြစ်တာတွေက စိတ်ပျက် စရာတွေဖြစ်လာပါတယ်။ ဥပဒေကြမ်းပြင်ဆင် ရေးသားတဲ့နေရာမှာ ဟီလာရီရဲ့ ကိုင်တွယ်ပုံ ဟာ လျှို့လျှို့ဝှက်ဝှက်နိုင်ပြီး အထက်စီးဆန် တယ်ဆိုတဲ့ ဝေဖန်ချက်တွေရှိလာပါတယ်။ ဟီလာရီဦးဆောင်တဲ့လုပ်ငန်းအဖွဲ့က တင်ပြ လာတဲ့ စာမျက်နှာ ၁၃၆၈ မျက်နှာရှိတဲ့ ဥပဒေ ကြမ်းဟာ လုံလောက်တဲ့ ဆွေးနွေးညှိနှိုင်းမှု မရှိဘဲ တိုင်းပြည်က ရှုပ်ရှုပ်ထွေးထွေးစီမံကိန်း တစ်ခုကို လက်ခံလာအောင် ကြိုးပမ်းခဲ့တယ် ဆိုတဲ့ အတိုက်အခံတွေရဲ့ ပုံဖော်တိုက်ခိုက်မှု က အောင်မြင်ခဲ့ပါတယ်။ ဟီလာရီက ''ကျွန်မ တို့ရဲ့ အဓိကအမှားဟာ ကိစ္စရပ်အများကြီးကို အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစား ခဲ့တာပါ''လို့ သုံးသပ်ထားပါတယ်။
ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး အကြီးအကဲရာထူးတာဝန် လက်ခံလိုက်တာနဲ့ အတူ ယှဉ်တွဲဖြစ်လာတာကတော့ သတင်း မီဒီယာအပါအဝင် နိုင်ငံရေးနဲ့ ဥပဒေလောက သားအလွှာအမျိုးမျိုးရဲ့ အာရုံစိုက်စောင့်ကြည့် တာကို ဟီလာရီကခံခဲ့ရတာပါ။ အာကန်ဆော ပြည်နယ်မှာ ဟီလာရီရဲ့ ဥပဒေရေးရာ ဆောင်ရွက်ချက်တွေကနေ ပုဂ္ဂိုလ်ရေး၊ ငွေရေး ကြေးရေးကိစ္စတွေအပါအဝင် အိမ်ဖြူတော် ဝန်ထမ်းခန့်၊ ဖြုတ်ကိစ္စတွေအဆုံး ဟီလာရီရဲ့ ကိစ္စမှန်သမျှကို မွှေနှောက်တူးဆွကြတာပါ။ ပြောရရင် ပြူးတူးပြဲတဲပြောရလောက်တဲ့ ပုဂ္ဂိုလ်ရေးအတင်းအဖျင်းမျိုးကအစ အငြိုး တကြီး အနံ့ခံ အစဆွဲထုတ်ဖို့ ကြိုးစားကြတာပါ။ ခင်ပွန်းဖြစ်သူကလင်တန်ရဲ့ ရွေးကောက်ပွဲ အရှိန်အဟုန်က ဘယ်လောက်ပဲကြီးကြီး၊ ကိုယ်စားပြုလုပ်ပိုင်ခွင့်အာဏာဘယ်လိုပဲရရ၊ ကွန်ဂရက်မှာရှိတဲ့ သြဇာအာဏာကြီးပြီး စုစည်းထားတဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရာ မှာပဲဖြစ်ဖြစ်၊ ဓနဥစ္စာကြွယ်ဝတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ပံ့ပိုးပေးထားတဲ့ နိုင်ငံရေး ရုပ်မြင်သံကြားကြော်ငြာတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရာမှာပဲဖြစ်ဖြစ်၊ အင်အား ဟုတ်တိပတ်တိ မရှိပါဘူး။ ဝှိုက်ဝါးတား (White water)) လို့ လူသိများတဲ့ အာကန် ဆောပြည်နယ် မြေယာအရောင်းအဝယ်ကိစ္စကို သတင်းထောက်တွေက အနံ့ခံလိုက်တဲ့အခါ ဟီလာရီက ဝေ့လည်ကြောင်ပတ်လှီးလွှဲဖြေပြီး ကဖျက်ကယက်လုပ်ဖို့ ထောက်ခံခဲ့ပါတယ်။ ဝှိုက်ဝါးတားကိစ္စနဲ့ပတ်သက်ပြီး ၁၉၉၆ ခုနှစ် အစောပိုင်းက သမ္မတကတော်ဘဝမှာကို ဟီလာရီဟာ ပြည်ထောင်စုတရားသူကြီးများ ရှေ့မှောက်မှာ အစစ်ဆေးခံရပေမယ့် နောက်ပိုင်းမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့ပါတယ်။
သမ္မတကတော်ဘဝမှာ ဟီလာရီဟာ သမ္မတ ဘီလ်ကလင်တန်အပေါ်အတိုင်း အတာတစ်ခုအထိ သြဇာလွှမ်းမိုးခဲ့တာက အထူးပြောစရာမလိုပါဘူး။ ဟီလာရီရဲ့ ပြန်ပြောချက်အရ ၁၉၉၃ ခုနှစ် အစောပိုင်းလောက်မှာ ဟီလာရီက ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲမှုရဲ့ဒဏ်ကို ခါးစည်းခံနေ ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့ စွက်ဖက် ပါဝင်သင့်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဟီလာရီက သူရဲ့ အမှတ်တရမှတ်တမ်းစာအုပ် Living History မှာ ''ဘော့စနီးယားမှာ အစုအပြုံလိုက်သတ်ဖြတ်နေတာကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက လေကြောင်း ကနေ ဆားဘီးယားတပ်ဖွဲ့ဝင်တွေကို ရွေးချယ် ပစ်မှတ်ထားတိုက်ခိုက်မှပဲ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ခဲ့တာပါ''လို့ ရေးသားခဲ့ပါ တယ်။ Talk မဂ္ဂဇင်းနဲ့ တွေ့ဆုံရာမှာ ဟီလာရီ က ''ကျွန်မ သူ့ (ဘီလ်ကလင်တန်)ကို ဗုံးကြဲဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မသူ့ကို ပြောခဲ့တာ က ကျွန်မတို့ခေတ်မှာ ဂျူးလူမျိုးတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရတဲ့ ကပ်ဆိုးကြီးကို ကြုံခဲ့ပြီးပြီ။ ဒီ ၂ဝ ရာစုကုန်ခါနီးမှ ဒီလိုအဖြစ်မျိုးကို လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ကျွန်မတို့ရဲ့ ယုံကြည်ချက်ကိုမှ ကျွန်မတို့ မကာကွယ်နိုင် ဘူးဆိုရင် ကျွန်မတို့က ဘာလို့နေတိုး (NATO) ကို ဦးဆောင်ဖွဲ့မှာလဲ'' ဆိုပြီး ပြောပြခဲ့ပါတယ်။ အိမ်ဖြူတော်မှာနေခဲ့တဲ့ ကာလအတွင်း ဟီလာရီအဖို့ ကြေကွဲစရာအကောင်းဆုံးကိစ္စ ဟာ မော်နီကာ လူဝင်စကီး (Monica Lewinsky) ကိစ္စပါ။ ဟီလာရီက မော်နီကာ လူဝင်စကီးအပူမှာ ခင်ပွန်းဖြစ်သူရဲ့အဖြစ်ကို လက်ခံခဲ့ပေမယ့် အဓိကသတင်းမီဒီယာတွေကို ကွန်ဆာဗေးတစ်တွေက ချုပ်ကိုင် ''ပုဂ္ဂိုလ်ရေး ဟိုးလေးတကျော်ဖြစ်ရပ်တွေကို အသုံးချ၊ ဝါဒဖြန့် တိုက်ပွဲတွေဆင်နွှဲ'' ဆိုတဲ့ နည်းလမ်း တွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ သမ္မတဘဝကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဟီလာရီက ယူဆထားတာပါ။ မော်နီကာ လူဝင်စကီးကိစ္စ ကို ကျော်လွှားနိုင်ဖို့ ကြိုးစားရာမှာ ဟီလာရီ ဟာ ဘာသာရေးယုံကြည်ချက်ကို အားပြု ကျော်လွှားခဲ့ပုံရပါတယ်။ အီဗန်းဂျလစ် (evangelist) ဘုန်းတော်ကြီး ဘေလီဂရမ် (Billy Graham) က သူ့ရဲ့စာအုပ် (The Preacher and the Presidents) မှာ ''ဟီလာရီက ကျွန်တော့်ခေါင်းကို သူ့လက် နှစ်ဖက်နဲ့ ထိန်း၊ မျက်နှာကို စေ့စေ့ကြည့်ပြီး ကျွန်မဘီလ်(ကလင်တန်) အကြောင်းပြောချင် တယ်လို့ ပြောခဲ့ပါတယ်''လို့ ပြန်ပြောင်း ရေးသားထားပါတယ်။
သမ္မတသက်တမ်း နှစ်ဆက်ပြည့်လို့ သမ္မတဘီလ်ကလင်တန် တာဝန်ကနေ အနားယူရတဲ့အခါ ဟီလာရီဟာ သူရဲ့ကိုယ်ပိုင်နိုင်ငံရေး ဘဝကိုတည်ဆောက်ဖို့ အထက်လွှတ်တော် အမတ်အဖြစ် အရွေးခံရဖို့ ရွေးကောက်ပွဲဝင် ခဲ့ပါတယ်။ သမ္မတကတော်ဆိုတဲ့ ဂုဏ်သတင်း ကျော်ကြားမှုသာမရှိခဲ့ရင် ဟီလာရီ အထက် လွှတ်တော်အမတ်ဖြစ်ဖို့ဆိုတာ မလွယ်လှပါ ဘူး။ တစ်ခါ ဂုဏ်သတင်းကျော်ကြားတဲ့ပုဂ္ဂိုလ် ဆိုတဲ့စတိုင်မျိုး ဖမ်းနေခဲ့ရင်လည်း အထက် လွှတ်တော်မှာ ရပ်တည်လှုပ်ရှားနိုင်ဖို့က မလွယ်ပါဘူး။ ဟီလာရီရဲ့ အထက်လွှတ်တော် အမတ် ရှစ်နှစ်သက်တမ်းမှာ ဥပဒေကြမ်း ၄၁၇ ခု ရေးဆွဲတင်ပြခဲ့ပါတယ်။ ဒီထဲက ဥပဒေကြမ်းသုံးခုပဲ ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာပါ။ ဟီလာရီဟာ ပါတီနှစ်ခု ကြား ဟန်ချက်ညီညီ ရပ်တည်နိုင်တဲ့ လွှတ်တော်အမတ်ဆိုတဲ့ပုံရိပ်ကို ဖန်တီးနိုင် ခဲ့ပါတယ်။ ဟီလာရီဟာ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီ (Senate Armed Services Committee) မှာ ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီကော်မတီမှာ တာဝန်ထမ်းဆောင်ဖို့ မလွယ်ပါဘူး။ ဒါပေ မယ့် ဒီကော်မတီမှာ ဟီလာရီဟာ ပင်တဂွန် (Pantagon) ရဲ့ ချီးကျူးမှုရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဟီလာရီဝင်ပြိုင်တဲ့အခါ သမ္မတကလင်တန်ရဲ့ အရိပ်မည်းလွှမ်းမိုးခံခဲ့ရ တယ်လို့ပဲ ပြောရမှာပါ။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ဟဲရီရိဒ် (Harry Reid) နဲ့ နယူးယောက် အထက်လွှတ်တော်အမတ် ချပ်ခ်ရှူးမား (Chuck Schumer) တို့က ဟီလာရီသာ သမ္မတလောင်းဖြစ်ခဲ့ရင် သမ္မတ ဘီလ်ကလင်တန်ရဲ့ မိန်းမရှုပ်တဲ့ကိစ္စကနေ စွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စအထိ ကျော်မကောင်း ကြားမကောင်းကိစ္စတွေ ပြန်အစဆွဲထုတ် ဖွလိုက်သလိုဖြစ်မှာ စိုးရိမ်ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ၂ဝဝ၆ ခုနှစ် ဆောင်းဦးရာသီမှာ မျက်နှာသစ် နိုင်ငံရေး သမား၊ အီလီနွိုက်စ် (Illinois) ပြည်နယ် အထက်လွှတ်တော်အမတ် အိုဘားမားကို သမ္မတရွေးကောက်ပွဲဝင်ဖို့ ချဉ်းကပ်ကြပါ တယ်။ သူတို့က မျိုးဆက်သစ်ကို ပွဲထုတ် ချင်တာပါ။ အဲဒါအပြင် အဲဒီအချိန်က အထက် လွှတ်တော်အမတ် သက်တမ်းနှစ်နှစ်သာရှိသေး တဲ့ အိုဘားမားဟာ မျှော်လင့်ချက်နဲ့ အပြောင်း အလဲကို လှုံ့ဆော်စည်းရုံးနိုင်စွမ်း ရှိနေပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်ချက်တစ်ပုံတစ်ပင်ကြီး ထဲမှာ ပထမဦးဆုံးစိန်ခေါ်ချက်က ဟီလာရီရဲ့ ပုံရိပ်ပါ။ သမ္မတဂျော့ဒဗလျူဘုရှ်ရဲ့ အီရတ် နိုင်ငံအပေါ် ကျူးကျော်ရေးစစ်ပွဲ ဆင်နွှဲရေး ဆုံးဖြတ်ချက်အပေါ် ဟီလာရီကထောက်ခံ ဆန္ဒမဲပေးခဲ့တာကို စပြောရမှာပါ။ အိုဘားမား ကတော့ ဒီစစ်ပွဲကို အစကတည်းက ဆန့်ကျင် ခဲ့တာပါဆိုပြီး ဂုဏ်ယူဝင့်ကြွားပြောနိုင်ပါတယ်။ ၂ဝဝ၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အိုဘားမားအနိုင်ရပြီး သမ္မတဖြစ်လာတဲ့အခါ ဟီလာရီက နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်း ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ရဲရင့်တဲ့ ဆုံးဖြတ် ချက်လို့ ပြောရမှာပါ။
ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးဝန် ကြီးဘဝစွမ်းဆောင်ချက်တွေကို ဒီဆောင်းပါး မှာ အသေးစိတ်ပြောဖို့ကမလွယ်ပါဘူး။ နိုင်ငံ ခြားရေးဝန်ကြီးဘဝမှာ ဟီလာရီဆုပ်ကိုင်ခဲ့တဲ့ ခံယူချက်သဘောထားကို ကြည့်ရင်ကိုပဲ ဟီလာရီရဲ့ စွမ်းဆောင်ချက်တွေကို ခန့်မှန်း နိုင်မှာပါ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူး သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး Time မဂ္ဂဇင်းနဲ့ ပြီးခဲ့တဲ့နှစ်တွေက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟီလာရီက ''ဘယ်လိုသြဇာအာဏာမဆို အကန့်အသတ် ဆိုတာရှိတာပါပဲ။ ချိတ်ဆက်နှီးနွှယ်မှုတွေ ပိုမို များလာပြီး အာဏာမဏ္ဍိုင်တွေကလည်း တစ်ခု မက ပိုလာနေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ ကျွန်မ တို့က မှော်ကဝေတုတ်တံကလေးဝှေ့ယမ်းပြီး တရုတ်နိုင်ငံကိုပဲ ဖြစ်ဖြစ်၊ အိန္ဒိယနိုင်ငံကိုပဲ ဖြစ်ဖြစ် မတိုးတက်စေနဲ့တော့၊ စီးပွားရေး ဓနဥစ္စာသုံး အာဏာမပြနဲ့တော့ ဆိုတာမျိုးတွေ ပြောလို့မရပါဘူး။ ပြောင်းလဲနေတဲ့ သမိုင်း ရေစီးကြောင်းအလိုက် အမျိုးမျိုးအဖုံဖုံကွဲပြား နေတဲ့ ခြိမ်းခြောက်စိန်ခေါ်မှုတွေနဲ့ အခွင့် အလမ်းတွေကို ကိုင်တွယ်ရာမှာ ကျွန်မတို့နိုင်ငံ ရဲ့ သြဇာအာဏာ အစူးရှဆုံး၊ အထက်မြက်ဆုံး ဖြစ်အောင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာက ကျွန်မတို့အပေါ်မှာပဲ မူတည်နေ တာပါ''လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်သံတမန်လောကမှာ ဆရာ ကြီးတစ်ဆူဖြစ်တဲ့ ဘရန့်စကောက်ခရော့ (Brent Scowcroft)က ''ဟီလာရီဟာ တကယ်တော်တဲ့ နိုင်ငံခြားရေးဝန်ကြီးပါ'' ဆိုပြီး အသိအမှတ်ပြု ပြောကြားခဲ့သလို ''ဟီလာရီ က သူ့ကိုယ်သူယုံကြည်မှုရှိတယ်။ ဒါပေမယ့် ဟီလာရီရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှာ မောက်မာတာမျိုးမတွေ့ရပါဘူး။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်ယုံကြည်မှုရှိတာမျိုးပါ'' လို့ အမှတ်ပြည့်ပေးခဲ့ပါတယ်။
ဟီလာရီကလင်တန်ရဲ့ ပြည်သူတွေအတွက် ယုံကြည်ချက်နဲ့စွမ်းဆောင်ရည်က ဘာမျှသံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာမပေးဘူးလို့ပဲပြောရမှာ ပါ။ ၂ဝဝ၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကိုရှုံးခဲ့ရသလို ၂ဝ၁၆ ခုနှစ်သမ္မတ ရွေးကောက်ပွဲမှာ စိတ်ရူးပေါက်သလိုပြောတတ် တဲ့ ဒေါ်နယ်ထရန့်ကို ရှုံးခဲ့ရပါတယ်။ သမ္မတ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့ရတာရဲ့ အဓိကအကြောင်းတစ်ခုက ဟီလာရီကလင် တန်ဟာ အမေရိကန် နိုင်ငံရေးလောကရဲ့ ထင်ရှားတဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်နေလို့ ပြောင်းလဲရေးဆိုတဲ့ ကြွေးကြော်သံတွေကို မတွန်းလှန်နိုင်ခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၂၄ဝ သက်တမ်းမှာ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်စေရမယ်ဆိုတဲ့ ဟီလာရီ ရဲ့ရည်မှန်းချက် မအောင်မြင်ခဲ့တာဟာ အမေရိကန်အမျိုးသမီးထုရဲ့ ဆုံးရှုံးမှုဖြစ်သလို ကမ္ဘာ့အမျိုးသမီးထုရဲ့ ဆုံးရှုံးမှုလို့လည်း ပြောနိုင်ပါတယ်။ မအောင်မြင်ခဲ့ပေမယ့် ခိုင်မာ ပြတ်သားတဲ့ ဟီလာရီရဲ့နိုင်ငံရေးသန္နိဋ္ဌာန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုကိုအသိအမှတ်ပြု ပြောကြားခဲ့တဲ့ ဟီလာရီရဲ့ မိန့်ခွန်းကို ကောက်နုတ်ဖော်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတရွေးကောက်ပွဲ မှာ ဟီလာရီဟာ ဆန္ဒမဲပေါင်း ၁၈ သန်းနီးပါး ရခဲ့တာပါ။ ဟီလာရီက ''ဒီရွေးကောက်ပွဲမှာ အမျိုးသမီးတွေမရနိုင်ဘူး။ မလုပ်နိုင်ဘူးဆိုပြီး ကန့်သတ်ထားတဲ့ မှန်တစ်ချပ်လို မမြင်သာ တဲ့ အမြင့်မားဆုံး၊ အမာကျောဆုံးဆိုတဲ့အဟန့် အတားတွေကို ကျွန်မတို့အစိတ်စိတ်အမြွှာမြွှာ ကွဲအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ကျေးဇူးကြောင့် ဒီမှန်ချပ်မှာ အက်ကွဲကြောင်း ၁၈ သန်းတော့ရှိသွားပါပြီ။ ဒီအက်ကွဲကြောင်းတွေကနေ ဝင်လာတဲ့ အလင်းရောင်တွေဟာ ဘယ်တုန်းကမှ ဒီလောက်မတောက်ပခဲ့ပါဘူး။ ဒီအလင်းရောင် ကြောင့် ကျွန်မတို့အားလုံးရဲ့ နှလုံးသားမှာ မျှော်လင့်ချက်တွေ အပြည့်ဖြစ်နေပါပြီ။ နောက်တစ်ကြိမ် ကျွန်မတို့ လျှောက်လှမ်းရမယ့် ခရီးက ဒီထက်လွယ်ကူမယ်ဆိုတာကတော့ သေချာနေပါပြီ''လို့ ပြောကြားခဲ့ပါတယ်။
ပြောရရင် အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဆိုတဲ့ သမိုင်းမှတ်တိုင်ကို မစိုက်ထူနိုင်ခဲ့ပေမယ့် အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အဓိကနိုင်ငံရေးပါတီကြီးတစ်ရပ်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းဆိုတဲ့ သမိုင်းမှတ်တိုင်ကိုတော့ စိုက်ထူနိုင်ခဲ့ပါတယ်။ သမ္မတအဖြစ် အရွေးမခံခဲ့ရပေမယ့် ပြည်သူ လူထုရဲ့ ဆန္ဒမဲအရေအတွက်မှာ ဒေါ်နယ် ထရန့်ထက် အသာရခဲ့တယ်ဆိုတဲ့ သမိုင်း မှတ်တိုင်တွေကိုတော့ စိုက်ထူနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ ဟီလာရီ ကလင်တန်ရဲ့ အခန်းကဏ္ဍကို ဖယ်ရှားချန် ထားလို့မရတော့ဘူးဆိုတာကတော့ သေချာနေပါပြီ။ ။

No comments:

Post a Comment